မိုင်းပျဉ်းမြို့နယ်၌ စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မိုင်းပျဉ်း  မတ် ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများစုပေါင်း၍ ဒေသဖွံ့ဖြိုးရေးအတွက် စစ်ကြောင်းကြီး (၅)ကြောင်းမှ ဒေသတွင်း ကွင်းဆင်းဟောပြောခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆင်မောင်းကျေးရွာအုပ်စုနှင့် မွန်းလွှဲပိုင်းက တာကော်ကျေးရွာအုပ်စု ဘုန်းတော်ကြီးကျောင်းတို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ထိုကဲ့သို့ ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များက စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာများအကြောင်း၊ မှုခင်းကျဆင်း‌ရေး၊ စိုက်ပျိုးရေးကိစ္စနှင့် မွေးမြူရေးကိစ္စတို့ကို အသိပညာပေး ဟောပြောဆွေးနွေး ဆောင်ရွက်ကြပြီး ဆင်မောင်းကျေးရွာအုပ်စု၊ တာကော်ကျေးရွာအုပ်စုနှင့် လွယ်လုံကျေးရွာအုပ်စုများမှ ဒေသခံကျေးရွာပြည်သူများက မိမိတို့သိရှိလိုသော အကြောင်းအရာများနှင့် ဆောင်ရွက်လိုသည်များကို မေးမြန်းတင်ပြကြရာ သက်ဆိုင်ရာဌာနများက ကဏ္ဍအလိုက် ပြန်လည်ဖြေကြား ဆွေးနွေးကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ ဒေသတွင်းကွင်းဆင်းဟောပြောခြင်းသို့ ဆင်မောင်း၊ တာကော်နှင့် လွယ်လုံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာပြည်သူများ စုံစုံလင်လင် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

နန်းသန္တာဦး(ပြန်/ဆက်)