နေပြည်တော် မတ် ၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ရေကြီးရေလျှံမှုများကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် မိုးစပါး ၃၀၃ ဧကအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ သွင်းအားစုဖိုးလိုငွေများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နေပြည်တော်အတွင်း ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လယ်ယာမြေများ အမြန်ဆုံးပြန်လည်စိုက်ပျိုးနိုင်ရေး၊ လိုအပ်သည့်ကုစားမှုများ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ရေး၊ စာရေးရိက္ခာဖူလုံရေးအတွက် စိုက်ဧကများအလိုက် သီးထပ်သီးညှပ်များစိုက်ပျိုးရေး၊ သီးထပ်စွမ်းအားတိုးတက်မြင့်မားရေး၊ ပန်းတိုင်အထွက်နှုန်းများ တိုးတက်ရရှိရေး၊ မျိုးကောင်းမျိုးသန့်များသုံးစွဲရေး၊ သဘာဝမြေဩဇများပြုလုပ်သုံးစွဲရေးတို့ကို အလေးထားဆောင်ရွက်စေလိုကြောင်း၊ ဒေသတွင်း စားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး၊ ချည်မျှင်ချည်ဝါ တိုးချဲ့စိုက်ပျိုးရေးတိုကို ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မိုးစပါး၊ မိုးသီးနှံများအစား ဆောင်းသီးနှံများကို တိုးချဲ့စိုက်ပျိုးလာသည်ကို တွေ့ရှိရပါကြောင်း၊ ဆက်လက်၍ နွေစပါးနှင့် နွေသီးနှံများကို လျာထာ စိုက်ဧကများထက် ပိုမိုစိုက်ပျိုးနိုင်ရေးကို အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများကို ခေတ်မီမွေးမြူရေးစနစ်ဖြင့် မွေးမြူရေးနှင့် ဒေသအလိုက်ထုတ်လုပ်မှုကဏ္ဍများ တိုးတက်အောင် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ စားသုံးကုန်ပစ္စည်းများကို ဒေသတွင်း လုံလောက်စွာထုတ်လုပ်နိုင်ရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ပြည်တွင်းထုတ်လုပ်မှု တိုးတက်အောင်ဆောင်ရွက်ပြီး ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နေပြည်တော်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးက သက်ဆိုင်ရာကဏ္ဍများအလိုက် ဝိုင်းဝန်းပူးပေါင်း ကြိုးစားဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး၊ နေပြည်တော်ကောင်စီအတွင်းရေးမှူးနှင့် ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က လုပ်ငန်းဆောင်ရွက်ချက်များကို သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်အတွင်း ရေကြီးရေလျှံမှုများကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် မိုးစပါး ၃၀၃ ဧကအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ပေးအပ်သည့် သွင်းအားစုဖိုးငွေများကို ပေးအပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)