မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် အခြေခံပညာမူလတန်းအဆင့် (Grad-5) နှင့် အခြေခံပညာအလယ်တန်းအဆင့် (Grade-9) ပြီးမြောက်မှုစာမေးပွဲများတွင် စာဖြေဆိုနေမှုများကို လိုက်လံကြည့်ရှု

ချမ်းအေးသာစံ မတ် ၄

၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် (Grade-5) နှင့် အလယ်တန်းအဆင့် (Grade-9) ပြီးမြောက်မှုစာမေးပွဲများကို မတ်လ ၃ ရက်နေ့မှ စတင်၍ သက်ဆိုင်ရာစာစစ်ဌာနများတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါပြီး မတ်လ (၃) ရက်နေ့ နေ့နံနက်ပိုင်းက စာစစ်ဌာနများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် စာဖြေဆိုနေမှုများကို လိုက်လံကြည့်ရှုခဲ့သည်။

ထိုသို့ လိုက်လံကြည့်ရှုရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး တိုင်းဒေသကြီးပညာရေးမှူးရုံးမှ တိုင်းပညာရေးမှူးနှင့်တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများက တိုင်းဒေသကြီးအတွင်း စာစစ်ဌာနများဖွင့်လှစ်ထားမှု၊ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ကျောင်းများမှ (Grad-5)၊ (Grade-9) ပြီးမြောက်မှု စာမေးပွဲများ တွင် စာရင်းရှိဦးရေ၊ ဖြေဆိုဦးရေ၊ ပျက်ကွက်ဦးရေနှင့် စာမေးပွဲကျင်းပနေမှု အခြေအနေတို့အား ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် စာမေးပွဲအား ပြီးဆုံးသည်တိုင်အောင် ဖြေဆိုနိုင်ရေး၊ပညာသင်နှစ် နောက်မကျစေရန် အကြောင်းမဲ့ ပျက်ကွက်ခြင်းများမဖြစ်ပေါ်စေရေး၊ စာဖြေခန်းများတွင် အလင်းရောင်ကောင်းမွန်စွာ ရရှိစေရေးနှင့်ချောမွေ့စွာဖြေဆိုနိုင်ရေး၊ စာမေးပွဲဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင့်ဆင့်စီမံခန့်ခွဲမှု အကောင်းဆုံးဖြင့် ဆောင်ရွက်သွားရေး၊ စာရင်းဇယားများ မှန်ကန်တိကျစွာဖြင့် အချိန်နှင့်တပြေးညီ တင်ပြသွားရေးတို့ကို အလေးထားဆောင်ရွက်ရန် မှာကြား၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် စာဖြေဆိုနေမှုများကို လိုက်လံကြည့်ရှုခဲ့သည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်(Grade-5) ပြီး မြောက်မှုစာမေးပွဲများကို မတ်လ ၇ ရက်နေ့အထိနှင့် အလယ် တန်းအဆင့် (Grade-9) ပြီးမြောက်မှုစာမေးပွဲများကို မတ်လ ၈ ရက်နေ့အထိ သက်ဆိုင်ရာစာစစ်ဌာနများတွင် ကျင်းပလျက်ရှိရာ မန္တလေး တိုင်းဒေသကြီးအနေဖြင့် (Grad-5) ပြီးမြောက်မှုစာမေးပွဲ၌ စာစစ်ဌာန (၇၃၇) ခု ဖွင့်လှစ်ထားကာ မြန်မာစာဘာသာရပ်တွင် စာဖြေသူ (၈၀,၀၄၁) ဦးရှိပြီး ဖြေဆိုမှု (၉၅) ရာခိုင်နှုန်းကျော်ရှိကြောင်း၊ (Grade-9) ပြီးမြောက်မှုစားမေးပွဲ၌ စာစစ်ဌာန (၄၀၁) ခု ဖွင့်လှစ်ထားကာ မြန်မာစာဘာသာရပ်တွင် စာဖြေသူ (၅၄၁၆၀) ဦးရှိပြီး ဖြေဆိုမှု (၉၆) ရာခိုင်နှုန်းကျော်ရှိကြောင်း သိရသည်။

ထွန်းထွန်းနိုင်