တောင်ဥက္ကလာပ မတ် ၄
သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးတက်ပွားများစေရန်၊ အချိန်ကိုအကျိုးရှိစွာအသုံးပြုနိုင်စေရန်ရည်ရွယ်၍ အခြေခံကာတွန်းရေးဆွဲနည်း အခမဲ့သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဖွင့်လှစ်ရာတွင် ဦးစွာတောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်ဆွေနှင်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းဆရာ မောင်ယဉ်ဝေ(ဥက္ကလာ)နှင့် ဆရာမဒေါ်လွင်လွင်မျိုးတို့က သင်တန်းတွင် သင်ကြားမည့်အကြောင်းအရာများနှင့်ပတ်သက်၍ မိတ်ဆက်ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ခင်ဆွေနှင်းက သင်တန်းသားများအတွက် လိုအပ်သောအထောက်အကူပြုပစ္စည်းများကို ပေးအပ်ခဲ့ပါသည်။
ထို့နောက် ကာတွန်းရေးဆွဲနည်းအခြေခံသင်တန်းကို ဆက်လက်ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး သင်တန်းသို့ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၄၀ ဦး တက်ရောက်သင်ယူခဲ့ကြပြီး သင်တန်းကာလကို မတ်လ ၃ ရက်နေ့မှ ၇ ရက်နေ့အထိ နံနက် ၉ နာရီမှ ၁၁ နာရီအထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်ဆွေနှင်း (ပြန်/ဆက်)