ချမ်းအေးသာစံ မတ် ၄
မန္တလေးမြို့တွင် ၂၀၂၅ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ ၃ ရက်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီများမှ အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
လုပ်ငန်းအစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် နှစ်စဉ်နှစ်တိုင်း အစဉ်အလာမပျက် ကျင်းပလျက်သည့် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို မန္တလေးမြို့တွင် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဖြစ်ပါကြောင်း၊ ကော်မတီများအလိုက် လုပ်ငန်းများခွဲဝေချထားပေးပြီးဖြစ်ပါကြောင်း၊ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်သည် ရှေးနှစ်ပေါင်းများစွာမှသည် ယနေ့အထိ မြန်မာတစ်မျိုးသားလုံး ပါဝင်ဆင်နွှဲလျက်ရှိသည့် ပွဲတော်ဖြစ်ပြီး ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် အတည်ပြုသတ်မှတ်ခံရသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ရိုးရာပွဲတော်တစ်ခု ဖြစ်ပါကြောင်း၊ ဖွင့်ပွဲ ပိတ်ပွဲအခမ်းအနားများကို ယခင်နှစ်များထက် ပိုမိုအနှစ်သာရရှိစွာဖြင့် အေးချမ်းပျော်ရွှင်စွာပါဝင်ဆင်နွှဲ၍ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ အတွေ့အကြုံများအပေါ် အားသာချက် အားနည်းချက်များ သုံးသပ်ကာ တစ်တပ်တအား ကြိုးပမ်းသွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် ဖွင့်ပွဲ/ ပိတ်ပွဲအခမ်းအနားများနှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးပြောကြားနောက် လုပ်ငန်းကော်မတီဝင်များက လုပ်ငန်းကဏ္ဍများအလိုက် ဆောင်ရွက်မည့်အစီအမံများအား ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးချက်များနှင့် ရှင်းလင်းတင်ပြချက်များအပေါ် ပေါင်းစပ် ညှိုနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်