ဥတ္တရသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် Grade-9 နှင့် Grade-5 နှစ်ဆုံး‌တတ်‌မြောက်မှု စာမေးပွဲများ စတင်ဖြေဆို

ဥတ္တရသီရိ မတ် ၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် Grade-9 နှင့် Grade-5 ကျောင်းသား၊ ကျောင်းသူများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ နှစ်ဆုံးတတ်မြောက်မှုစာမေးပွဲများကို ယမန်နေ့နံနက် ၉ နာရီက စတင်ကျင်းပခဲ့သည်။

ဥတ္တရသီရိမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌ Grade-9 စာမေးပွဲ စာဖြေဌာန ၂၆ ကျောင်း၊ ဖြေဆိုသူ ၁၂၄၈ ဦး၊ ဖြေဆိုသူ ၉၇ ဒသမ ၁၂ ရာခိုင်နှုန်း၊ Grade-5 စာမေးပွဲ စာဖြေဌာန ၃၄ ကျောင်း၊ ဖြေဆိုသူ ၁၄၄၅ ဦး၊ ဖြေဆိုသူ ၉၈ ဒသမ ၉၇ ရာခိုင်နှုန်းရှိပြီး မတ်လ ၃ ရက်မှ ၈ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး စာမေးပွဲဖြေဆိုနေစဉ်အတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့တို့က စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)