စစ်တွေ မတ် ၄
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက စစ်တွေမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား ဆရာ၊ ဆရာမများက အနီးကပ်ပညာသင်ကြားပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးစကား ပြောကြားခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းစာကြည့် တိုက်အတွင်းလှည့်လည်ကြည့်ရှုကြကာ စာကြည့်တိုက်အတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်အဆိုပါကျောင်း၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား ဆရာ၊ ဆရာမများက အနီးကပ်ပညာ သင်ကြားနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လာမည့်တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန်အတွက် ဘာသာရပ်အလိုက်ကျက်မှတ်ပြီး စာမေးပွဲဖြေဆိုရန် အသင့်ဖြစ်နေကြမည်ဟု ယုံကြည်ပါကြောင်း၊ ဘာသာရပ်အလိုက် ဆရာ၊ ဆရာမများကလည်း သင်ကြားပြီးကြပြီဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာမေးပွဲအတွက် အသင့်ဖြစ်နေရမည့်အချိန်ဖြစ်ကြောင်း၊ မိဘများ၏ ဂုဏ်ကျေးဇူး၊ ဆရာ၊ ဆရာများ၏ ဂုဏ်ကျေးဇူးကို စာမေးပွဲတွင် အကောင်းဆုံးဖြေဆိုခြင်းဖြင့် ကျေးဇူးဆပ်ရမည်ဖြစ်ကြောင်း၊ မိမိကိုယ်တိုင်ကြိုးစားမှ အောင်မြင်မှုပန်းတိုင်ကို ရောက်ရှိနိုင်မည်ဖြစ်ကြောင်း၊ ပညာရေးသည် နိုင်ငံတစ်ခု၊ ပြည်နယ်တစ်ခု၊ ဒေသတစ်ခု၏ အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုပင်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများသည် နောင်တစ်ခေတ်တွင် နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်ကြမည့်သူများဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ကဗလငါးတန်နှင့် ပြည့်စုံသော မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာအောင် ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှုများများစွာဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လည်း ကျောင်းသား၊ ကျောင်းသူများတက္ကသိုလ်ဝင်စာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရန်အတွက် အသားဘူး၊ ခေါက်ဆွဲခြောက်၊ အသီးဖျော်ရည်၊ ကော်ဖီမစ်နှင့် စာကြည့်မီးအိမ်များ အားပေးအပ်ချီးမြှင့် ပေးလျက်ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ယခုအချိန်တွင် စာမေးပွဲကို အောင်မြင်စွာဖြေဆိုနိုင်ရန် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိဘများနှင့် ဆရာ၊ ဆရာမများ ကလည်း ကျောင်းသား၊ ကျောင်းသူများအတွက် လိုအပ်သည့်အရာများကို ဖြည့်ဆည်းဆောင်ရွက်ပေးကြမည် ဖြစ်ကြောင်း၊ အထူးသဖြင့် စာမေးပွဲဖြေဆိုရန် နီးကပ်လာပြီဖြစ်သည့်အတွက်ကျန်းမာရေးကို အထူးဂရုစိုက်၍ နေထိုင်သွားကြမည်ဖြစ်ကြောင်းနှင့် စာမေးပွဲတွင်ဘာသာရပ်အလိုက် အောင်အောင်မြင်မြင်ဖြေဆိုနိုင်ကြပြီး အမှတ်ကောင်း ကောင်းဖြင့် အောင်မြင်သူများဖြစ်နိုင်ကြပါစေကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား ဆရာ၊ ဆရာမများကအနီးကပ်သင်ကြားပေးနေမှုကိုလည်းကောင်း၊ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ) မကျဉ်းမြိုင်ကျောင်းသို့လည်းကောင်း၊ အမှတ်(၉) အခြေခံပညာထက်တန်းကျောင်း သို့လည်းကောင်း သွားရောက်ပြီး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား ဆရာ၊ ဆရာမများက အနီးကပ်သင်ကြားပေးနေမှုကို လှည့်လည်ကြည့်ရှုကြကာ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံပြီး အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း (ပြန်/ဆက်)