မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း ၂၀၂၅ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်း ဖွင့်ပွဲအခမ်းအနားတက်ရောက်

မော်လမြိုင် မတ် ၃

မွန်ပြည်နယ်တွင် လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးစေရန်၊ အားကစားနည်းများကို အခြေခံကျနားလည်စေရန်၊ လူငယ်မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းစေရန်ရည်ရွယ်၍ မွန်ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၅ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ​ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က  လူအဖွဲ့အစည်းကို ပညာရေးနဲ့ ဟန်ချက်ညီညီ တည်ဆောက်နိုင်ရေးအတွက် အားကစားက အထောက်အကူပြုပြီး၊ မျိုးဆက်သစ်လူငယ်များကိုလည်း ဗလ(၅)တန်နဲ့ဟန်ချက်ညီစွာဖွံ့ဖြိုးလာစေရန်အတွက် အားကစားဟာ မရှိမဖြစ်လိုအပ်သည့် အခန်းကဏ္ဍကပါဝင်နေကြောင်း၊ မွန်ပြည်နယ်အတွင်း နွေရာသီအခြေခံအားကစားသင်တန်းများကို နွေရာသီကျောင်းပိတ်ရက်များတွင် ပြည်နယ်အဆင့်အားကစားနည်း(၁၁)မျိုး၊ ခရိုင်အဆင့် အားကစားနည်း(၇)မျိုးနဲ့ မြို့နယ်အဆင့်အားကစားနည်း(၃)မျိုး ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပြီး အားကစားနည်းအလိုက် သင်တန်းသား/သင်တန်းသူများက အားကစားကို စိတ်ပါဝင်စားစွာ တက်ရောက်လာကြသည့်အတွက် အားကစားနည်းအလိုက် အခြေခံကောင်းများကို ကြိုးစားလေ့ကျင့်သွားကြရန်နှင့် နည်းပြများမှလည်း သားငယ်/သမီးငယ် သင်တန်းသား/သင်တန်းသူများအား မိမိမှာရှိသည့် ပညာရပ်များကို စနစ်တကျသင်ကြားပေးပြီး ထူးချွန်တဲ့အားကစားသမားကောင်းများ ဖြစ်လာအောင် ဇွဲ၊ လုံ့လ၊ ဝီရိယကြီးစွာနဲ့ စွမ်းစွမ်းတမံ ကြိုးစား၍၊ အားကစားနဲ့ မွန်ပြည်နယ်ဂုဏ်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင် သူများဖြစ်လာအောင် ကြိုးစားသင်ယူ လေ့ကျင့်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် သင်တန်းအတွက် လိုအပ်သည့် အားကစားပစ္စည်းများအား ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်ရာ အားကစားနည်းပြတစ်ဦးကလက်ခံပြီး မြန်မာနိုင်ငံဟော်ကီအဖွဲ့ချုပ်ကပေးအပ်သည့် အားကစားပစ္စည်းများကို လူမှုရေးရာဝန်ကြီးက လက်ခံရယူသည်။

ဆက်လက်၍ မြန်မာ့သိုင်း၊ ကရာတေး၊ ဟော်ကီအားကစားနည်းများဖြင့် သရုပ်ပြနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ကြည့်ရှုအားပေး၍ တက်ရောက်လာကြသည့် သင်တန်းသား/သင်တန်းသူများနှင့် ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် အားကစားနည်း (၁၁) မျိုးဖြင့် မတ်လ ၃ ရက်နေ့မှ မတ်လ ၂၄ ရက်နေ့အထိ သင်ကြားပေးသွားမည်ဖြစ်ပြီး အားကစားနည်းအလိုက် သင်တန်းသား/သင်တန်းသူ(၆၂၉)ဦး တက်ရောက်မည်​ဖြစ်ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)