ဇေယျာသီရိ မတ် ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ရေဆင်းဆည်နှင့် မကျီးပင်ရေလွှဲဆည်တို့မှ ယခုနှစ်နွေစပါးနှင့် နွေသီးနှံ စိုက်ပျိုးရန် (၇၅၇၀) ဧက အတွက် မတ်လ ၁ ရက်နေ့မှ စတင်၍ စိုက်ပျိုးရေပေးဝေလျက်ရှိကြောင်း ဇေယျာသီရိမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရသည်။
ဇေယျာသီရိမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ရေဆင်းဆည် ရေသောက်စနစ်အတွင်းမှ နွေစပါးစိုက်ပျိုးရန် (၅၂၃၀) ဧက နှင့် နွေသီးနှံစိုက်ပျိုးရန် (၂၂၇၀) ဧက စုစုပေါင်း (၇၅၀၀) ဧက အတွက် မတ်လ (၁) ရက်နေ့မှ ဇွန်လ (၃၀) ရက်နေ့ထိ စိုက်ပျိုးရေပေးဝေသွားမည်ဖြစ်ပြီး မကျီးပင်ရေလွှဲဆည်မှ လယ်မြေ (၇၀) ဧကအတွက် အလားတူ ရေအလေအလွင့်မရှိ မျှတစွာဖြင့် ရေလှည့်စနစ်များဖြင့် ပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)