ကိုကိုးကျွန်းမြို့နယ်တွင် အ​​ငြိမ်းစားပင်စင်စားများ၊ သက်ကြီးဘိုးဘွားများအား အခမဲ့ကျန်းမာရေးစစ်​ဆေးမှုပုံမှန်ဆောင်ရွက်

ကိုကိုးကျွန်း မတ် ၃

ကိုကိုးကျွန်းမြို့နယ်သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း(၄၅)မြို့နယ်တွင်ပါဝင်သော တစ်မြို့နယ်ဖြစ်သော်လည်း ရန်ကုန်မြို့နှင့် ရေမိုင်(၂၄၀)ခန့်ကွာဝေးပြီး လမ်းပန်းဆက်သွယ်ရေးမှာ နေ့စဉ်ပြေးဆွဲနေသောသင်္ဘောခရီးစဉ်မရှိခြင်း၊ မြို့နယ်အတွင်း ပြင်ပမှဖွင့်လှစ်ထားသော ဆေးခန်းများမရှိခြင်းကြောင့် မြို့နယ်အတွင်းရှိ ပြည်သူလူထုများမှာ ကျန်းမာရေးနှင့်ပတ်သက်၍  နိုင်ငံတော်အစိုးရမှ ဖွင့်လှစ်ပေးထားသော မြို့နယ်ဆေးရုံကိုသာ အားကိုးကုသနေရခြင်းကြောင့် မြို့နယ်အတွင်းနေထိုင်ကြသော သက်ကြီးဘိုးဘွားများအား အခမဲ့ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို လစဉ်လဆန်း(၃)ရက်နေ့တိုင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် ကျန်းမာရေးဌာနမှပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် မြို့နယ်ကျန်းမာရေးဌာနမှ နိုင်ငံဝန်ထမ်းအငြိမ်းစားပင်စင်စားများနှင့် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန် သက်ကြီးဘိုးဘွားများနေထိုင်ရာသို့ ကိုကိုးကျွန်းမြို့နယ် ကျန်းမာရေးဝန်ထမ်းများက ဆေးရုံမော်တော်ယာဉ်ဖြင့် အိမ်တိုင်ရာရောက် တစ်အိမ်တက်ဆင်းလိုက်လံခေါ်ဆောင်ခဲ့ကြောင်း သိရသည်။

ထိုသို့အခမဲ့ကျန်းမာရေးစစ်ဆေးပေးခဲ့ရာတွင် ကိုကိုးကျွန်းမြို့နယ်ဆေးရုံမှ ဒေါက်တာသုတအောင်ဦးဆောင်၍ သူနာပြုများ၊ အခြားအဆင့်ကျန်းမာရေးဝန်ထမ်းများက သက်ကြီးဘိုးဘွားများကို သွားကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါနှင့်အခြားရောဂါများကိုပါ စမ်းသပ်ပေးပြီး ရောဂါလက္ခနာများအလိုက် လိုအပ်သည့်အားဆေးနှင့်အခြားလိုအပ်သည့်ဆေးဝါးများကို အခမဲ့ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အငြိမ်းစားပင်စင်စားများနှင့်သက်ကြီးဘိုးဘွားများအား အခမဲ့ကျန်းမာရေးစစ်ဆေးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီညီစောနှင့်စီမံအဖွဲ့ဝင်များမှ လာရောက်ကြည့်ရှုအားပေးပြီး ဘိုးဘွားများနှင့်တစ်ဦးခြင်းစီ၏ ကျန်းမာရေးကိုမေးမြန်းပြီးလိုအပ်သည်များအား ကူညီဆောင်ရွက်ပေးခဲ့ပြီး ဆေးရုံမော်တော်ယာဉ်ဖြင့် သက်ကြီးဘိုးဘွားများအိမ်အရောက် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်းနှင့် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစစ်ဆေးပေးခြင်းကို လစဉ်ပုံမှန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုးကျွန်း(ပြန်/ဆက်)