ပင်လုံ မတ် ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ မူလမင်းကွန်းဇေတဝန် သာသနာ့မာန်အောင် ပန်မုန့်ကမ္မဋ္ဌာန်းတိုက် (၅၉) ကြိမ်မြောက် မဟာသတိပဋ္ဌာန်ညီလာခံ ပွဲတော်မုဒ်ဦးဖွင့်ပွဲနှင့် ရွှေရတုကျောင်းဆောင်သစ်ဖွင့် အခမ်းအနားကို ယနေ့ နံနက် (၉) နာရီ အချိန်က မူလမင်းကွန်းပန်မုန့်ကမ္မဋ္ဌာန်းတိုက် ပွဲတော်မုဒ်ဦးတွင်ကျင်းပ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို သံဃာတော်များကဦးဆောင်၍ နမောတဿ(၃)ကြိမ်ရွတ်ဆို၍ စတင်ခဲ့ကြပြီး နိုင်ငံတော်သံဃမဟာနာယကသြဝါဒစရိယ၊ ရှမ်းပြည်နယ်လုံးဆိုင်ရာ သံဃအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ဘဒ္ဒန္တ ဒေါက်တာပညာနန္ဒ (အဂ္ဂမဟာပဏ္ဍိတ) သာသနဝိပုလ ဓာတ်တော်ကျောင်းတိုက် (လွိုင်လင်မြို့) ရှမ်းပြည်နယ် မူလမင်းကွန်း ကမ္မဌာနစရိယတရားပြ ဆရာများအဖွဲ့ ဥက္ကဋ္ဌ၊ ဘဒ္ဒန္တဝိစိတ္တသာရ ကမ္မဋ္ဌာန်းကျောင်းတိုက်(လင်းခေးမြို့)၊ နိုင်ငံတော်သမ္မတ၏ စွမ်းဆောင်ရည်ဆုရ လူမှုထူးချွန်ပထမအဆင့်အဂ္ဂမဟာ ဂန္ဓဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဋ္ဌာနစရိယ ဒေါက်တာ ဘဒ္ဒန္တ ပုညနန္ဒ၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာချုပ်တိုင်းမှူးနှင့် ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါသည်။ ဖဲကြိုးဖြတ်ဖွင့်လှစ်နေစဥ်ဆရာတော်သံဃာတော်များမှ ဦးဆောင်၍ ဇယန္တောဂါထာ ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။ ထို့နောက် ဆရာတော်သံဃာတော်များနှင့် လူကြီးမင်းတို့မှ အမွှေးနံ့သာပက်ဖျန်း၍ ဗုဒ္ဓသာသနံစိရံတိဌတု (၃) ကြိမ်ရွတ်ဆိုပြီး အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။
နံနက်ပိုင်းအချိန်များ၌ ပန်မုန့်ကမ္မဋ္ဌာန်းတိုက်၏ ရွှေရတုကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ရွှေရတုပွဲတော်ပြခန်းဖွင့်ပွဲကို နာယကဆရာတော်များနှင့် တာဝန်ရှိ အကြီးအကဲများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပွဲတော်ကြီးသို့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အစိုးရအဖွဲ့ဝင် လူကြီးများ၊ တိုင်းစစ်ဌာနချုပ်အရာရှိကြီးများ ပြည်နယ်/ခရိုင်/မြို့အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ပွဲတော်ကျင်းပရေးကော်မတီဝင်များ၊ အနယ်နယ်အရပ်ရပ်မှ ပြည်သူများစုစုပေါင်း အင်အား (၃၀၀၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)