ဟိုပုံး မတ် ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပရိယတ္တိပါလက အသင်းကြီးမှ ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်၊ မြို့နယ်လုံးဆိုင်ရာ (အဋ္ဌမ) အကြိမ်မြောက် ပရိယတ္တိပါလကစာမေးပွဲ (ပဥ္စမ) နေ့ကို လွယ်အွန့်ကျေးရွာအုပ်စု၊ ဖာလွိုင်ဗွေလွန်းကျောင်းတိုက်တွင် ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ပရိယတ္တိပါလကစာမေးပွဲ (ပဥ္စမ) နေ့တွင် ဓမ္မာစရိယတန်း ရဟန်း၊ သီလရှင် (၂၃) ပါး၊ ပထမကြီးတန်းတွင် ရဟန်း၊ သာမဏေ (၁၂) ပါး၊ ပထမလတ်တန်းတွင် ရဟန်း (၉) ပါး၊ သာမဏေ (၅၀) ပါး၊ သီလရှင် (၈) ပါး၊ ပထမငယ်တန်းတွင် ရဟန်း (၄) ပါး၊ သာမဏေ (၁၄၀) ပါး၊ သီလရှင် (၁၇) ပါး၊ အခြေပြုမူလတန်းတွင် သာမဏေ၊ သီလရှင် (၃၇၆) ပါး၊ သေခိယတန်းတွင် သာမဏေ၊ သီလရှင် (၂၈၇) ပါး၊ စုစုပေါင်း ရဟန်း၊ သာမဏေ၊ သီလရှင် (၉၂၆) ပါး ဝင်ရောက်ဖြေဆိုခဲ့သည်။ အဆိုပါ ဖြေဆိုနေမှုကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များက ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။
ပရိယတ္တိပါလကစာမေးပွဲကို ဖေဖော်ဝါရီလ (၂၇) ရက်နေ့မှ မတ်လ (၅) ရက်နေ့အထိ ကျင်းပလျက်ရှိပြီး စေတနာရှင်၊ အလှူရှင် ဒါယကာ၊ ဒါယိကာမများအနေဖြင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ် လှူဒါန်းနိုင်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)