ပင်လုံ မတ် ၃
ရှမ်းပြည်နယ်၊ မူလမင်းကွန်းဇေတဝန်သာသနာ့မာရ်အောင် ကမ္မဌာန်းတိုက်များ၏ (၅၉)ကြိမ်မြောက် မဟာသတိပဌာန် ဓမ္မသဘင်ညီလာခံ နှစ်ပတ်လည်အစည်းအဝေးနှင့် ပင်လုံမြို့၊ ပန်မုန့် ကမ္မဌာန်းတိုက်၏ ရွှေရတုအထိမ်းအမှတ်ပွဲတော်ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါကျောင်းတွင် ကျင်းပသည်။
ရှေးဦးစွာ မူလမင်းကွန်းဇေတဝန်သာသနာ့မာရ်အောင် ပန်မုန့်ကမ္မဌာန်းကျောင်းတိုက် နှစ်(၅၀)ပြည့် ရွှေရတုကျောင်းတိုက်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်းအစီအစဉ်တွင် လွိုင်လင်မြို့ ဓာတ်တော်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တ ဒေါက်တာပညာနန္ဒနှင့်ဆရာတော်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များပက်ဖျန်းပေးကြသည်။ ထို့နောက် ပွဲတော်မုခ်ဦးကို ဆရာတော်ကြီးများ၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခြင်း ၊ အမွှေးနံ့သာရည်များပက်ဖျန်းခြင်းတို့ကို ဆောင်ရွက်ပေးကြသည်။ ယင်းနောက် တိုင်းမှူးနှင့်ဧည့်သည်များက ပြခန်းအတွင်း လှည့်လည်ကြည့်ရှုအားပေးကြသည်။
အဆိုပါ (၅၉)ကြိမ်မြောက် မဟာသတိပဌာန် ဓမ္မသဘင်ညီလာခံကို ပဋိပတ္တိသာသနာတော်မြတ်ကြီး သန့်ရှင်းတည်တံ့တိုးတက်ထွန်းကားစေရေး၊ မဟာသတိပဌာန်(၄)ပါး အပ္ပမာဒတရားတော်မြတ်ကို ကျင့်ကြံအားထုတ်သော ယောဂီပုဂ္ဂိုလ်များ တိုးပွားလာစေရေး၊ ကမ္မဌာနစရိယတရားပြဆရာများ တစ်နှစ်တစ်ကြိမ်တွေ့ဆုံဆွေးနွေးတိုင်ပင်နိုင်ရေးနှင့် တစ်နှစ်တာအတွက် မိမိတို့တာဝန်ကျရာ တိုက်တာအလိုက်တွေ့ကြုံရသည့် အတွေ့အကြုံတိုးတက်မှုရှိစေရန်အတွက် မည်သို့ပြုပြင်သင့်သည်ကို ဆွေးနွေးတိုင်ပင်ညှိနှိုင်းပြီး သံဃာတော်များ၏ ဆန္ဒသဘောတူဆုံးဖြတ်ချက်အတိုင်း အတည်ပြုသွားနိုင်ရေးစသည့် ရည်ရွယ်ချက်များဖြင့် (၅၉)ကြိမ်မြောက် မဟာသတိပဌာန် ဓမ္မသဘင်ညီလာခံနှစ်ပတ်လည်အစည်းအဝေး ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မုလမင်းကွန်းဇေတဝန်သာသနာ့မာရ်အောင် ကမ္မဌာန်းတိုက်များ၏ (၅၉)ကြိမ်မြောက် မဟာသတိပဌာန် ဓမ္မသဘင်ညီလာခံ နှစ်ပတ်လည်အစည်းအဝေးသို့ မြန်မာနိုင်ငံအတွင်းရှိ ကမ္မဌာန်းတိုက် (၃၇)တိုက်မှ ကမ္မဌာနာစရိယတရားပြဆရာများ၊ ပဋိပတ္တိသာသနာနုဂ္ဂဟအဖွဲ့များ၊ ရပ်နီးရပ်ဝေးမှ ဓမ္မမိတ်ဆွေများတက်ရောက်ကြပြီးပွဲတော်ကို မတ်လ ၆ ရက်နေ့အထိကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
လွိုင်လင်မိုး