ရွာငံ မတ် ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ အိမ်တွင်းမှုပညာရပ်များဖြင့် ကျွမ်းကျင်လုပ်သားများဖြစ်လာပြီး မိမိကိုယ်တိုင်ရပ်တည်နေထိုင်ကာ အမျိုးသား/အမျိုးသမီးများ မိသားစုအိမ်တွင်း တစ်နိုင်စီးပွားပြုနိုင်ရန်ရည်ရွယ်ပြီး အိမ်တွင်းမှုသက်မွေးပညာရပ်များ တက်မြောက်စေရန်အလို့ငှာ အခြေခံရပ်ရွာအခြေပြုစက်ချုပ်သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ပြည့်ဖြိုးသန့်က သင်တန်းစည်းကမ်းများနှင့် လုံခြုံရေးသတိဖြင့် သွားလာနိုင်ရေးဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးဖြူကအမျိုးသမီးများရဲ့ အသက်မွေးဝမ်းကျောင်းမှု ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဒေသတွင်း အလုပ်အကိုင်ရရှိရေးအတွက် ရွာငံမြိုနယ်အနေဖြင့် နှစ်စဉ်သင်တန်းသူ (၁၀၀) ကို အိမ်တွင်းမှု ဘာသာရပ် (၁၁) မျိုးဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသောကြောင့် မိသားစုအပိုဝင်ငွေတိုး ရရှိပါကြောင်းနှင့် အခြေခံသင်တန်းမှစ၍ အဆင့်မြှင့်သင်တန်း၊ အထူးသင်တန်း၊ ဒီဇိုင်းပညာသင်တန်း ကျွမ်းကျင်အဆင့်အထိ တက်ရောက်ကြရန်များကို ရှင်းလင်း ပြောကြားခဲ့သည်။
သင်တန်းတွင် သုံးလွှာစကဒ်၊ လေးလွှာစကဒ်၊ ချိတ်ထမီ၊ ဘောင်းဘီရှည်၊ ရင်စေ့လည်ဝိုင်း၊ နောက်ကွဲဇစ်ပျောက်၊ ရင်ဖုံး၊ သင်္ဘောသားအင်္ကျီများကို ဘာသာရပ် ရှစ်မျိုးဖြင့် မတ်လ (၁) ရက်မှ မတ်လ (၂၄) ရက်နေ့အထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)