ဆေးဖက်လဲဝင် ဈေးကွက်ဝင် ကျန်မာ‌‌ရေးလဲရ ဝင်ငွေမျှ မုန်ညှင်းဆီကိုစိုက်ပျိုးကြ

ရွာငံ မတ် 

ရွာငံမြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းများကို နှစ်ရှည်ပင်နှင့်နှစ်တိုသီးနှံများဟူ၍ နှစ်မျိုးရှိသည်။ နှစ်တိုသီးနှံများတွင်ရာသီအလိုက်စိုက်ပျိုးကြသည့်  စပါး၊ ဆီထွက်သီးနှံအမျိုးမျိုး၊ ပဲမျိုးစုံ၊ မီးဖိုချောင် စားသောက်ကုန်အမျိုးမျိုး စိုက်ပျိုးကြသည်။ တောင်သူအများစုမှာ မိမိတို့ဝမ်းစာ ဖူလုံလောက်အောင် စပါးနှင့် ဆီထွက်သီးနှံကို အဓိကထားစိုက်ပျိုးကြရာ ၂၀၂၀ ခုနှစ်နောက်ပိုင်းတွင် မုန်ညှင်းဆီ သီးနှံစိုက်ပျိုးမှုများ တိုးချဲ့စိုက်ပျိုးလာကြသည်။

မုန်ညှင်းဆီသည် ကျန်းမာရေးအတွက် အထောက်အကူပြုစေသည့်စားဆီတစ်မျိုးဖြစ်ပြီး စိုက်ပျိုးရလွယ်ကူကာ ရွာငံမြို့နယ်ဒေသ ရာသီဥတုနှင့်ကိုက်ညီသည့်အထွက်နှုန်းကောင်း ဆီထွက်သီးနှံတစ်မျိုးဖြစ်သည်။ ခရမ်းချဉ်ခင်းစိုး၊ ယာခင်းစိုး၊ ပြောင်းခင်းစိုးများတွင် နောက်ပိုင်း ဆောင်းသီးနှံအဖြစ် စိုက်ပျိုးကြသည်။ ထည်ထွန်ပြီး မြေတစ်ဧကလျှင်မျိုးစေ့ (၄) ပြည် (၁၀ ဗူး) ပတ်ကျဲရပီး အပင်သက်တမ်း (၄၅) ရက်ခန့်တွင် ပုလဲဓါတ်မြေဩဇာ(၁၀) ပိဿာခန့် ကျွေးပါက အထွက်နှုန်းကောင်းနိုင်သည်။ တစ်ဧကလျှင် မုန်ညှင်းစေ့ ပိဿာချိန် (၃၀၀) အထက်ထွက်ရှိပြီး တစ်ပိဿလျှင် (၆၅၀၀)ကျပ်ခန့် ဈေးကွက်တွင် အရောင်းအဝယ်ရှိ သီးနှံဖြစ်သည်။ သန့်စင်ပြီး ‌အစေ့ ပိဿာချိန်(၃၀) ကြိတ်ပါက ဆီသန့် (၁၀) ပိဿာမှ (၁၂)ပိဿာအထိ ထွက်ရှိသည်။ တောင်သူအများစုမှာ မုန်ညှင်းဆီကို တစ်နှစ်စာဆီဖူလုံအောင်ထားရှိပြီး ပိုလျှံဆီများကို (၁၀)ပိဿာ တစ်ပုံးလျှင် သီးနှံပေါ်ချိန်တွင် (၁၈၅,၀၀၀)ကျပ်နှင့်အထက်ရောင်းရပြီး နောက်ပိုင်းတွင်(၂၂၀,၀၀၀)ကျပ်အထိ ရောင်းချရသည်။ မုန်းညှင်းကြိတ်ဖက်တစ်ပိဿာလျှင် (၂,၅၀၀)ကျပ်မှ (၃,၀၀၀)ကျပ်ခန့် ပြန်ရောင်းရသောကြောင့် ဝင်ငွေရတွက်ချေကိုက်ကြသည်။ ရွာငံမြို့နယ်တွင် အများစုမှာဆင်းရဲချမ်းသာမရွေး မုန်ညင်းဆီကိုအများဆုံးစာသုံးကြသည်။ မုန်ညှင်းဆီသည် သွေးတိုးခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်းများကိုသက်သာစေပြီး ခွန်အားတိုးစေပါသည်။ ကြွက်သားများနာကျင်ကိုက်ခဲခြင်းကိုပျောက်ကင်းကာ နှစ်ခြိုက်ကာအိပ်ပျော်စေသောကြောင့် မှတ်ဉာဏ်အားကောင်းပြီး လူကိုလန်းဆန်းစေသည်။ အဆီကျခြင်း၊ မျက်စိအားကောင်းစေခြင်း၊ အာရုံကြောအားကောင်းစေခြင်း၊ ခေါင်းကိုက်၊ ဒူးနာ၊ ခါးနာ၊ ဝမ်းချုပ်၊ အစာအိမ်ရောဂါရှိသူများအတွက် သင့်လျော်သည်။ အိုမင်းရင့်ရော်ခြင်း  ခြေထောက်ဖောရောင်ခြင်းမှ ကာကွယ်ပေးသည်။

ကောင်းကျိုးများပြီးစိုက်ပျိုးရလွယ်ကူကာ ကျန်းမာရေးလိုက်စားသူများအတွက် စားသုံးသင့်သောဆီဖြစ်ကြောင်း ဆီမုန်ညှင်းကို ရန်ကုန်၌ဓာတ်ခွဲစမ်းသက်လာသူထံမှသိရသည်။ ထို့ကြောင့် ဆေးဖက်လဲဝင် ဈေးကွက်ဝင် ကျန်းမာ‌‌ရေးလဲရ ဝင်ငွေမျှ မုန်ညှင်းဆီကိုတိုးချဲ့စိုက်ပျိုးကြရန် တိုက်တွန်းအပ်ပါသည်။

မြို့နယ် ပြန်/ဆက်