မှော်ဘီမြို့နယ်၌ စူဠဘွဲ့နှင်းသဘင် စာအောင်ဆုပေးပွဲ အခမ်းအနားကျင်းပ

မှော်ဘီ မတ် ၃

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် မြို့နယ်သံဃာ့နာယကအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှကြီးမှူးကျင်းပသော မြို့နယ်လုံးဆိုင်ရာ အစိုးရဓမ္မာစရိယတန်း၊ နိကာယ်တန်း၊ ပထမပြန်တန်းနှင့် အဘိဓမ္မာ ဝိသုဒ္ဓိမဂ်ယဉ်ကျေးမှု စာမေးပွဲတို့ကို ဖြေဆိုအောင်မြင်ကြသော သံဃာတော်အရှင်သူမြတ်များ၊ သီလရှင်ဆရာကြီး၊ ဆရာလေးများ၊ လူပုဂ္ဂိုလ်အပေါင်းတို့အား ဂုဏ်ပြုဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့က မှော်ဘီမြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခြင်း၊ မင်္ဂလာရွှေစောင်းတော်အဖွဲ့နှင့်တွဲဖက်၍ ဗုဒ္ဓရောင်ခြည်တော်ဖွင့်ဖြင့် သီကျူးပူဇော်ခြင်း၊ မှော်ဘီမြို့နယ် သံဃာ့နာယက ဩဝါဒစရိယ ဘန္ဒန္တတေဇနိယ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးဝင်းစိုးမှ သာသနာ့ရေးဆိုင်ရာများ လျှောက်ထားခြင်း၊ နိုင်ငံတော်ရွှေတံဆိပ်ဆုရတေးသံရှင် အိပိုးအိမ်မှ မင်္ဂလာရတုပိုဒ် ရွတ်ဆိုပူဇော်ခဲ့ပြီး ဆုပေးပွဲအခမ်းအနားတွင် သာသနဓဇဓမ္မာစရိဘွဲ့ရ (၁၀) ပါး၊ ဝိနယဝိဒူဘွဲ့ရ (၄၈) ပါး၊ ဒီဃနိကာယဝိဒူဘွဲ့ရ (၄) ပါး၊ မဇ္ဈိမနိကာယဝိဒူဘွဲ့ရ (၁) ပါး၊ သံယုတ္တနိကာယဝိဒူဘွဲ့ရ (၁) ပါး အင်္ဂုတ္တရနိကာယဝိဒူဘွဲ့ရ (၁၃) ပါး၊ အဘိဓမ္မာဝိဒူယဘွဲ့ရ (၂) ပါး၊ ပထမကြီးတန်းအောင်၊ ပထမလတ်တန်းအောင်၊ ပထမငယ်တန်းအောင်၊ အခြေပြုမူလတန်းအောင် စုစုပေါင်းဆရာတော်သံဃာတော် (၄၁၆) ပါး၊ အဘိဓမ္မာရိုးရိုးအောင်မြင်သူ (၅၄) ဦး၊ အဘိဓမ္မာဂုဏ်ထူးဆောင်အောင်မြင်သူ (၇) ဦးနှင့် ဝိသုဒ္ဓိမဂ်အောင် (၃၅) ဦး ယဉ်ကျေးမှုအောင် (၅၂၈) ဦး၊ သီလရှင်များအပြင် လူပိုင်းဆိုင်ရာ အဘိဓမ္မာစာမေးပွဲပထမဆင့်၊ ဒုတိယဆင့်၊ တတိယဆင့်အောင်မြင်သူများ၊ အဘိဓမ္မာရိုးရိုး၊ အဘိဓမ္မာ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်အောင်မြင်သူများ၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုအဖြေဌာနအလိုက် အောင်မြင်သူများအား အောင်လက်မှတ်နှင့် ဂုဏ်ပြုဆုများဆပ်ကပ် ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးဝင်းစိုးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃) ကြိမ်ရွတ်ဆိုခဲ့ပြီး အခမ်းအနားရုတ်သိမ်းကာ ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်ဆရာကြီး၊ ဆရာလေး အပါး (၆၀၀) ကျော်တို့အား ဆွမ်းဆန်စိမ်းများလောင်းလှူခဲ့ကြသည်။

အခမ်းအနားသို့ မြို့နယ်သံဃနာယကဆရာတော်များ၊ မှော်ဘီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည့်ဖြိုးမောင်နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်များနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကောင်းမြတ်သူ(မှော်ဘီ)