အမရပူရ မတ် ၃
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ စွယ်တော်မြတ်စေတီတော်(မန္တလေး) ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ ပဉ္စမအကြိမ်ဂေါပကအဖွဲ့သစ်၏ ဩဝါဒခံယူပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါဘုရားပရဝဏ်အတွင်း၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုပူဇော်ဖွင့်လှစ်ခဲ့ပြီး စွယ်တော်မြတ်စေတီတော် (မန္တလေး) ဂေါပကအဖွဲ့၏သြဝါဒါစရိယဆရာတော် မန္တလေးတိုင်းဒေသကြီး တိုင်းသံဃာ့နာယကဥက္ကဋ္ဌ (ရွှေကျင်) ဆရာတော်ဦးထုတိဝရထံမှ ငါးပါးသီလခံယူဆောက်တည် ခဲ့ပြီး ဆရာတော်ဘုရားကြီးထံစွယ်တော်မြတ်စေတီတော်(မန္တလေး)၏ ပဉ္စမအကြိမ် ဂေါပကအဖွဲ့သစ်ဥက္ကဋ္ဌ ဗိုလ်မှူးကြီး အောင်ကျော်ဦး(ငြိမ်း)မှ သာသနာရေးဆိုင်ရာများ ဖတ်ကြားလျှောက်ထားခဲ့သည်။
ထို့နောက် စေတီတော်ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများထံမှ သြဝါဒခံယူခဲ့ကြပြီး ဩဝါဒါစရိယဆရာတော်ကြီးတို့အား အမရပူရခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ဥက္ကဋ္ဌ ဦးတင်ကမုလင်းက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်ပြီး စွယ်တော်မြတ်စေတီတော်ကြီးအား ရွှေသင်္ကန်း၊ ရွှေဆေး၊ ဆီဆေး၊ ရေဆေးသင်္ကန်းတော်များ ကပ်လှူပူဇော်နိုင်ရန် အလှူတော်ငွေများပေးအပ်လှူဒါန်းခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းနှင့်အလှူရှင် (၃၁)ဦးတို့က အလှူငွေ ၅၆၅ သိန်းတို့ကို လှူဒါန်းခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူပြီး အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ လှူဒါန်းမှုအစုစုတို့အတွက် စွယ်တော်မြတ်စေတီတော် (မန္တလေး) ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော် တိုင်းသံဃာ့နယက အကျိုးတော်ဆောင် ဦးဝါသဝသီရိထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှဝေခဲ့ပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိဌတု” သုံးကြိမ်ရွတ်ဆိုပူဇော်၍ သြဝါဒခံယူပွဲအခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)