မိုးနဲ မတ် ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ညှိနှိုင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် မိမိဌာနပတ်ဝန်းကျင်သန့်ရှင်းသာယာရေးဆောင်ရွက်ကြရန်၊ ဆင်တောင်ဘုရားစေတီ သတ်မှတ်ကာလအတွင်း ပြုပြင်နိုင်ရေး၊ လိုအပ်သောပစ္စည်းများ စုဆောင်းထားရန်၊ မီးခိုးမြူငွေ့များဖြစ်ပေါ်နေမှုအပေါ် သက်ဆိုင်ရာဌာနများအနေဖြင့် ပညာပေးလုပ်ငန်းများဆောင်ရွက်သွားရန်၊ ထူးခြားဖြစ်စဉ်များရှိလာပါက အမြန်ဆုံးသတင်းပို့ဆောင်ရွက်သွားရန်၊ လူကုန်ကူးမှုနှင့် ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားရန်၊ လေပြင်းနှင့် မီးဘေးကြိုတင်ကာကွယ်မှုများစီမံထားကြရန်၊ ဒေသဖွံ့ဖြိုးရေး၊ မြို့သန့်ရှင်းသာယာလှပရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ပေးရန်နှင့် ပေါင်းစပ်ဆောင်ရွက်ပေးရန်ရှိပါက ဆွေးနွေးပေးကြရန် ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို တင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များက လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)