မောက်မယ်မြို့နယ်၌ လေပြင်းဘေးဒဏ်ခံ မိုးလုံလေလုံ နေအိမ်(၃)လုံး ဆောက်လုပ်ပြီးစီး

မောက်မယ် မတ် ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လင်းခေး ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးနေဝင်း ဦးဆောင်သော ကွန်ကျိုင်းရပ်ကွက်လူငယ်ပရဟိတ ပန်းရံ/လက်သမားအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများပူးပေါင်းပြီး လေပြင်းဘေးကြို တင်ကာကွယ်ရေးစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်မှုကို ကွန်ကျိုင်းရပ်ကွက်ရှိ ဒေါ်စောရင်၊ ဒေါ်မယ်ထောက်ဟွမ်နှင့် မွေတော်ရပ်ကွက်ရှိ ဦးလုံးမိုးနေအိမ်(၃)လုံးအား ဆောက်လုပ်ပြီးစီး၍ ယနေ့နံနက်ပိုင်းတွင် ပိုင်ရှင်များထံ ပြန်လည်အပ်နှံကြောင်း သိရသည်။

အဆိုပါ လေပြင်းဘေးကြိုတင်ကာကွယ်ရေးစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်တစ်အိမ်လျှင် အိမ်ဆောက်ပစ္စည်းတန်ဖိုး ကျပ် ၄၅၀၀၀၊ အနယ်နယ်အရပ်ရပ်မှ လှူဒါန်းထားသည့် သက်ကြီးဘိုးဘွားနေအိမ်များ ဆောက်လုပ်လှူဒါန်းခြင်း ရန်ပုံငွေမှမတည် ငွေကျပ်(၅)သိန်း၊ လင်းခေးမြို့ ရပ်မိရပ်ဖများမှ ဘိလပ်မြေ(၁၀)အိတ်စီအား လေပြင်းဘေးဒဏ်ခံ မိုးလုံလေလုံ တစ်ထပ်တိုက်ကို ကွန်ကျိုင်းရပ်ကွက် လူငယ်ပရဟိတ ပန်းရံ/လက်သမားအသင်း လုပ်အားဒါနဖြင့်လည်းကောင်း ထပ်မံလိုအပ်သည့် အိမ်ဆောက်ပစ္စည်းများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများတို့က စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း ကွန်ကျိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်မြင့်ထံမှ သိရသည်။

စိုင်းမျိုးသန့်(ပြန်/ဆက်)