အင်းစိန်ဆေးရုံကြီး၊ ဖျားနာဆောင်တွင် တက်ရောက်ကုသမှု ခံယူနေရသော လူနာများနှင့် ကျန်းမာရေး ဝန်ထမ်းများအတွက် အသင့်စားသုံးနိုင်သည့် ထမင်းဘူး(၃၅၀)နှင့် အလှူငွေများ လှူဒါန်း

ရန်ကုန် ဒီဇင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အထွေထွေရောဂါကုဆေးရုံကြီး (အင်းစိန်)၊ ဖျားနာဆောင်တွင် တက်ရောက်ကုသမှု ခံယူနေရသော လူနာများနှင့်ကျန်းမာရေး ဝန်ထမ်းများအတွက် အသင့်စားသုံးနိုင်သည့် ထမင်းဘူး(၃၅၀)နှင့် အလှူငွေများကို ယမန်နေ့ နံနက်ပိုင်းက အထွေထွေရောဂါကုဆေးရုံကြီး(အင်းစိန်) တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။

အင်းစိန်ဆေးရုံကြီး၊ ဖျားနာဆောင်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေး လုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်စေရန် ကိုသက်ဌေးအောင်မှ မွေးနေ့အလှူအဖြစ် နေ့လယ်စာ အသင့်စားသုံးနိုင်သည့် အဟာရဒါန ထမင်းဘူး(၃၅၀)နှင့် အလှူငွေကျပ်(၇)သောင်းကို လှူဒါန်းရာ အင်းစိန် အထွေထွေရောဂါကုဆေးရုံကြီးမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။

အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)