ကျိုင်းတုံ မတ် ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စီမံကိန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများနှင့်တွေ့ဆုံပွဲကို ယမန်နေ့က စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးတွင် ပြုလုပ်သည်။
တွေ့ဆုံပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဦးက ဝန်ကြီးဌာနအောက်ရှိ ကျိုင်းတုံခရိုင်အတွင်းမှ စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၂) ကုန်းမြင့်ဒေသလယ်ယာ မြေဖော်ထုတ်ရေးစီမံကိန်းရုံး(စက်မှုလယ်ယာဦးစီးဌာန)၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများအား ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်များ၊ ဌာနတာဝန်များ ဆောင်ရွက်ရာတွင် တရားဥပဒေနှင့်အညီဖြစ်စေရေးနှင့် ဌာနပိုင်မြေယာများကိုလည်း မိမိပိုင်မြေယာများကဲ့သို့ ထိန်းသိမ်းစောင့်ရှောက်ကြရန်၊ စိုက်ပျိုးရေးမွေးမြူရေးတောင်သူများ ဝင်ငွေတိုးတက်အာင် မိမိတို့တတ်ကျွမ်းသည့် ပညာရပ်များအား အစဉ်အမြဲမျှဝေကြရန်စသည့်လုပ်ငန်းများကို မှာကြားသည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ ဝမ်တာပုံပူးပေါင်းစစ်ဆေးရေးစခန်းမှတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လန်ချန်း-မဲခေါင်နိုင်ငံများနှင့်ပူးပေါင်း၍ စိုက်ပျိုးရေးဆိုင်ရာ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး၊ ပြည်ပပို့ကုန်သွင်းကုန်လုပ်ငန်းများနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှာ မြန်မာ့လယ်ယာစိုက်ပျိုးရေးထွက်ကုန်များ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးရာ ဝမ်တာပုံပူးပေါင်းစစ်ဆေးရေးစခန်းမှ တာဝန်ခံများက နယ်စပ်ကုန်သွယ်ရေးအခြေအနေများ၊ ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ကြုံတွေ့နေရသောအားသာချက်၊ အားနည်းချက်များကို ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)