ဟိုပုံးမြို့နယ် အ.မ.က (၁) ကျောင်း၌ နွေရာသီ ရှမ်းစာပေရေးသားနည်း သင်တန်းဖွင့်လှစ်

ဟိုပုံး မတ် ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ရှမ်းတိုင်းရင်းသားရိုးရာစာပေနှင့် ယဉ်ကျေးမှုအသင်းက ရှမ်းတိုင်းရင်းသားရိုးရာယဉ်ကျေးမှုနှင့် ရိုးရာစာပေမပျောက်ပျက်ထိန်းသိမ်းတက်စေရန်ရည်ရွယ်၍ နွေရာသီရှမ်းစာပေရေးသားနည်း သင်တန်းကို အမှတ် (၁)အခြေခံပညာမူလတန်းကျောင်း၌ ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

အဆိုပါ နွေရာသီရှမ်းစာပေရေးသားနည်းသင်တန်းအား မတ်လ (၁) ရက်နေ့မှ (၃၀) ရက်နေ့ အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းတွင် သင်တန်းနည်းပြ သံဃာတော် (၂)ပါးက သင်ကြားပေးလျက်ရှိရာ သင်တန်းသားသင်တန်းသူ (၃၅) ဦး တက်ရောက်သင်ကြား လျက်ရှိသည်။

ဟိုပုံးမြို့နယ် ရှမ်းတိုင်းရင်းသားရိုးရာစာပေနှင့် ယဉ်ကျေးမှုအသင်းနေဖြင့် သင်တန်းသား/ သင်တန်းသူများအား သင်ထောက်ကူပစ္စည်းအနေနှင့် သင်ရိုးစာအုပ် (၁) အုပ်၊ ကဗျာစာအုပ် (၅) အုပ်၊ သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယ ထူးချွန်ဆုရရှိသူများအား ထူးချွန်ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်မည့်အပြင် သင်တန်းသားသင်တန်းသူအားလုံးကို သင်တန်းဆင်းလက်မှတ်နှင့် ဂုဏ်ပြုလက်ဆောင်များပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားရိုးရာစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဒေါ်နန်းအဲလစ်ထံက သိရသည်။

ပအိုဝ်းဒေသ (ပြန်/ဆက်)