ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းတက်ရောက်

စစ်တွေ မတ် ၃

(၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တောင်သူ လယ်သမားများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားသို့ပေးပို့သည့်သဝဏ်လွှာအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ဖတ်ကြားခဲ့သည်။

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက သီးနှံစိုက်စွမ်းအား အကောင်းဆုံး ထူးချွန်တောင်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများအားလည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီး ကျော်သူရက မိုးစပါးပန်းတိုင်အထွက် နှုန်းရရှိသည့် တောင်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများအားလည်းကောင်း ပေးအပ်ချီးမြှင့်ကြရာ ထူးချွန်ဆုရစိုက်ပျိုးတောင်သူတစ်ဦးက ဂုဏ်ပြုဆုရရှိမှုအပေါ် ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခမ်းအနားသို့ တက်ရောက်လာကြသည့် တောင်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမျိုးသန့်ခြံ၌ကျင်းပသော (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ပန်းမန်စိုက်ပျိုးရေး၊ သဘာဝမြေဩဇာပြုလုပ်သုံးစွဲရေး နည်းပညာပေးသင်တန်းဖွင့်ပွဲနှင့် ကွင်းသရုပ်ပြပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။ အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်  ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တောင်သူများသည် စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများက အီးအမ်ဘိုကာရှီနှင့် စူပါဘိုကာရှီ ပြုလုပ်နည်းများအား လက်တွေ့သရုပ်ပြသမှုကို သွားရောက်ကြည့်ရှုကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးကာ ဝန်ထမ်းများအနေဖြင့် တောင်သူများအတွက် အကျိုးရှိသည့်အတွက် စနစ်တကျရှင်းလင်းဆွေးနွေးပေးကြရန်မှာကြားခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်အဖွဲ့သည် မျိုးသန့်ခြံအတွင်း ပိုက်ဆံလျှော် မျိုးစေ့ထုတ်စိုက်ခင်း(၁၅)ဧက စိုက်ပျိုး အောင်မြင်နေမှုအားလည်းကောင်း၊ ပဲတီစိမ်းသီးနှံခူးဆွတ်နေမှုအားလည်းကောင်း၊ မတ်ပဲသီးနှံ ရိတ်သမ်းနေမှုအားလည်းကောင်း၊ ရေဆင်း စပ်မျိုး(၁)နေကြာမျိုးစေ့ထုတ် စိုက်ခင်း(၁)ဧက စိုက်ပျိုး အောင်မြင်နေမှုအားလည်းကောင်း လှည့်လည်ကြည့်ရှုကြရာ စိုက်ပျိုး ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆိုလာစနစ်ဖြင့် မျိုးသန့်ခြံအတွင်း ရေတင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ စစ်တွေမြို့နယ်၊ ခေါင်းဒုက္ကာ(၂)IDP စခန်း မီးလောင်ပြင်အား နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မီးဘေးသင့်ပြည်သူများအား စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများက သောက်သုံးရေးများဖြန့်ဝေပေးနေမှုနှင့် ပြည်နယ်ကျန်းမာရေးဦးစီးဌာမှ ဝန်ထမ်းများက ရေသန့်ဆေးပြားများ ဖြန့်ဝေပေးနေမှုတို့ကို ကြည့်ရှုအားပေးကြ သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မီးဘေးသင့်ပြည်သူများအတွက် နယ်မြေခံတပ်မတော်သားများနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က ယာယီမိုးကာတဲ ဆောက်လုပ်ပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မိုးကာတဲများစနစ်တကျ ဆောက်လုပ်ပေးပြီး နေရာချထားကြရန်၊ မီးဘေးသင့်ပြည်သူများအတွက် သန့်ရှင်းသောရေရရှိရေး၊ ယင်လုံအိမ်သာများအသုံးပြုနိုင်ရေး၊ စနစ် တကျချက်ပြုတ်စားသောက်နိုင်ရေး စီစဉ် ဆောင်ရွက်သွားကြရန်မှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါက်တာကြည်လွင် ဦးဆောင်ပြီး ဆရာဝန်၊ သူနာပြုများက မီးဘေးသင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မီးလောင်ပြင်အားစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ အား စားသောက်ဖွယ်ရာများပေးအပ်ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စခန်းတာဝန်ခံရုံး၌ တပ်မတော်အရာရှိများ၊ ဌာနဆိုင်ရာတာဝန်ရှိများနှင့်တွေ့ဆုံပြီး ယာယီမိုးကာတဲများ အချိန်မီဆောက်လုပ်ပြီး စနစ်တကျနေရာချ ထားနိုင်ရေး၊ မီးလောင်ပြင်သန့်ရှင်းရေးဆောင်ရွက်ပြီးပါက IDP စခန်းရှိ အဆောင်များအား စနစ်တကျ ဆောက်လုပ်နိုင်ရေးနှင့် လိုအပ်သောကူညီကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးနိုင်ရေးတို့ကို ဆွေးနွေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါရုံး၌ IDP စခန်းတာဝန်ခံများနှင့်တွေ့ဆုံ၍ တည်ဆောက်ရေးလုပ်ငန်းများ၊ ကျန်းမာ ရေးလုပ်ငန်းများ၊ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)