နေပြည်တော် မတ် ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့ သမိုင်းဝင်ဖောင်တော်ချက်မ စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်း စတင်ကပ်လှူခြင်းမင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီတွင် အဆိုပါ စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ရှိ ဓမ္မာရုံ၌ ကျင်းပရာ လယ်ဝေးမြို့၊ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒ ကြွရောက်ချီးမြှင့်တော်မူသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ၊ စေတီတော်မြတ်ကြီးဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြည် ညိုကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လယ်ဝေးမြို့၊ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒထံ စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူမည့် ရွှေဆိုင်းများနှင့် လူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူနိုင်ရန်အတွက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အလှူရှင်များက အလှူငွေများကို လှူဒါန်းကြရာ ဖောင်တော်ချက်မ စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးတင်စိုးက လက်ခံရယူသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဖောင်တော်ချက်မစေတီတော် မြတ်ကြီး၏ ရင်ပြင်တော်နှင့် ပရဝုဏ်အတွင်း လှည့်လည်ဖူးမြော်ကြည်ညိုသည်။
ယင်းနောက် ၂ဝ၂၅ခုနှစ်၊ (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့်ကော်မတီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တောင်သူလယ်သမားများ တက်ရာက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဖတ်ကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက စိုက်ပျိုးရေးကဏ္ဍ စံပြခရိုင်ဆုရရှိသည့် လယ်ဝေးခရိုင်အားလည်ကောင်း၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက မွေးမြူရေးကဏ္ဍ စံပြခရိုင်ဆုရရှိသည့် ဥတ္တရခရိုင်အားလည်းကောင်း၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက စိုက်ပျိုးရေးကဏ္ဍ စံပြမြို့နယ်ဆုရရှိသည့် လယ်ဝေးမြို့နယ်အားလည်းကောင်း၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက မွေးမြူရေးကဏ္ဍ စံပြမြို့နယ်ဆုရရှိသည့် တပ်ကုန်းမြို့နယ် အားလည်းကောင်း၊ နေပြည်တော်ကောင်စီဝင် ဦးမင်းဦးက စိုက်ပျိုးရေးကဏ္ဍ စံပြကျေးရွာဆုရရှိသည့် သစ်စိမ့်ပင်ကျေးရွာအား လည်းကောင်း၊ နေပြည်တော်ကောင်စီဝင် ဦးဟန်သူက မွေးမြူရေးကဏ္ဍ စံပြကျေးရွာဆုရရှိသည့် ဒယောက်ကူးကျေးရွာအားလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ယင်းနောက် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခဲ့သည့် စံပြခရိုင်၊ စံပြမြို့နယ်၊ စံပြကျေးရွာများ၏ Video Clip များနှင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့သည့် စံပြခရိုင်၊ စံပြမြို့နယ်၊ စံပြကျေးရွာများ၏ Video Clip ကို ပြသသည်။
ထို့နောက် ရွှေတောင်ဆီစက်လုပ်ငန်းမှ တောင်သူ ၃၅၀ ဦးအတွက် ပဲပုပ်ဆီတစ်လီတာဘူးများကို တောင်သူများအားပေးအပ်ပြီး အထွေထွေမန်နေဂျာ ဦးကျော်ကျော်က စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးတင်ပြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နေပြည်တော် ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်းဝင်း၌ ကျင်းပသည့် (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် “မျိုးစေ့ပြပွဲ ၂၀၂၅”(Seed Fair 2025)တွင် တောင်သူပညာပေးဆွေးနွေးပွဲနှင့် စိုက်ပျိုးရေးဆိုင်ရာ ဉာဏ်စမ်းပဟေဠိ အဖြေညှိ အစီအစဉ်ကို တက်ရောက်သည်။
ဆွေးနွေးပွဲတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းစွာဆောင်ရွက်နိုင်ရေး၊ လယ်ယာထုတ်ကုန်များဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ သီးထပ်စွမ်အားတိုးတက်မြင့်မားရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်များနှင့် နေပြည်တော်အတွင်းရှိ မြို့နယ်များမှ တောင်သူလယ်သမားများက မျိုးစေ့ထုတ်စိုက်ခင်းများ၊ ပြခန်းပြကွက်များကို လှည့်လည်ကြည့်ရှုလေ့လာကြရာ သက်ဆိုင်ရာကဏ္ဍများအလိုက် တာဝန်ရှိသူများက ရှင်းလင်းပြောကြားသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ ကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ သုခတော်ဝင်အိမ်ရာစီမံကိန်းအပိုင်း(၂) တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးက လုပ်ငန်းများအချိန်မီပြီးစီးရေး၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီဖြစ်စေရေး အထူးကြပ်မတ်ဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို မှာကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် မြန်မာအပြည်ပြည် ဆိုင်ရာကွန်းဗင်းရှင်းဗဟိုဌာန-၂ MICC-2 သို့သွားရောက်၍ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ရဲတပ်ဖွဲ့ဝင်များအားလည်းကောင်း၊ နေပြည်တော်ကောင်စီရုံး လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင်များအား လည်းကောင်း စားသောက်ဖွယ်ရာ ခေါက်ဆွဲခြောက်ထုပ်များနှင့် ကြက်ဥများ ပေးအပ်ခဲ့ကြောင်းသိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)