လယ်ဝေး မတ် ၂
နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် လယ်ဝေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် မြို့နယ်အတွင်းအသက်နှစ်လမှ ငါးနှစ်အတွင်းရှိ ကလေးငယ်များအား ပိုလီယိုရောဂါကာကွယ်ဆေး အရှိန်အဟုန်မြှင့် တိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက အမှတ်(၁)ရပ်ကွက်တွင် တိုက်ကျွေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လယ်ဝေးမြို့နယ်၊ ခုတင်-၁၀၀ ဆေးရုံအုပ် ဒေါက်တာနန္ဒာကျော်က ပိုလီယိုရောဂါကာကွယ်ဆေး အရှိန်အဟုန်မြှင့် တိုက်ကျွေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြသည်။
ထို့နောက် ခုတင် (၁၀၀) ဆေးရုံအုပ်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါက်တာသဇင်မြင့်နှင့် အသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများက အသက်နှစ်လမှ ငါးနှစ်အထိ ကလေးငယ်များအား ပိုလီယိုရောဂါ ကာကွယ်ဆေးများ တိုက်ကျွေးခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့နယ်အတွင်း ပိုလီယိုရောဂါကာကွယ်ဆေးကို ဆေးထိုးစုရပ် (၂၉၄) နေရာတွင် ရည်မှန်းကလေးငယ် (၂၁၄၇၆) ဦးအား အရှိန်အဟုန်မြှင့် တိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)