နေပြည်တော် မတ် ၂
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီ၏ သာမန်အသုံးစရိတ်နှင့် ငွေလုံးငွေရင်း အသုံးစရိတ်ရန်ပုံငွေများအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း လျာထားမှုများနှင့်စပ်လျဉ်းသည့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ကျင်းပရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ ဌာနကြီးမှူးများ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ပြည်ထောင်စုဝန်ကြီးဌာနများအလိုက် လိုအပ်သော ဝန်ထမ်းအိမ်ရာများ တည်ဆောက်ပေးနိုင်ရေးအတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်မှာ အမှုထမ်းအိမ်ရာများ၊ လူပျိုဆောင်နှင့် အပျိုဆောင်များကို နေပြည်တော်ကောင်စီက တာဝန်ယူ တည်ဆောက်လျက်ရှိပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှာလည်း အလားတူ ဝန်ထမ်းအိမ်ရာများကို ဆောက်လုပ်ပေးနိုင်ရေး ရန်ပုံငွေလျာထားခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း နေပြည်တော်ကောင်စီ၏ ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများကို မြေပြင်ကွင်း ဆင်းစစ်ဆေးပြီး စံချိန်စံညွှန်း ပြည့်မီစွာဖြင့် ဘတ်ဂျက်နှစ်အတွင်း ရာနှုန်းပြည့်ပြီးစီးရေး အဆင့်ဆင့်စစ်ဆေးကြပ်မတ် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်အတိုင်းအတာများ၊ စံနှုန်းများနှင့်အညီ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနနှင့် အရည်အသွေးစစ်ဆေးရေးအဖွဲ့တို့က ကြပ်မတ်ဆောင်ရွက်ရန်ဖြစ်ပြီး ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ရန် ကျန်လုပ်ငန်းများအား အရည်အသွေး ပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး တွန်းအားပေးဆောင်ရွက်ရန်နှင့် လုပ်ငန်းပြီးစီးမှုအလိုက် ငွေပေးချေရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လျာထားချက်အတိုင်း အမှန်တကယ် အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် ပြီးပြတ်အောင် ဆောင်ရွက်ရေး၊ ဒေသအတွက် ထိရောက်အကျိုးရှိစွာ ဆောင်ရွက်ကြရေး၊ ပိုလျှံငွေများကို သတ်မှတ်ရက်အတိုင်း ပြန်လည်အပ်နှံကြရေးကို သက်ဆိုင်ရာဌာနများအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ငွေလုံးငွေရင်း တည်ဆောက်ရေးလုပ်ငန်းများကို အဆင့်ဆင့်တင်ပြပြီး တည်ဆောက်ရေးလုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှုမရှိစေရေးကို အလေးထားလုပ်ဆောင် ကြရမှာဖြစ်ကြောင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကုန်ထုတ်လုပ်ငန်းများ တိုးတက်ရေးကို အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီ၏ သာမန်အသုံးစရိတ်နှင့် ငွေလုံးငွေရင်း အသုံးစရိတ်ရန်ပုံငွေများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့်လုပ်ငန်းများလျာထားမှု အခြေအနေများနှင့်ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)