မော်လမြိုင် မတ် ၂
နေပြည်တော်ရှိ ပြည်ထောင်စုတရား လွှတ်တော်ချုပ်တွင် ဖေဖော်ဝါရီလ (၁၃) ရက်မှ (၁၄) ရက်ထိ ကျင်းပခဲ့သော ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေး ဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားသူကြီး/ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားသူကြီးများ/ ခရိုင်တရားသူကြီးများ၏ (၂၈) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းသည့် အခမ်းအနားကို ဖေဖော်ဝါရီလ (၂၈) ရက်နေ့က မွန်ပြည်နယ် တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မွန်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး၊ ပြည်နယ်တရားလွှတ်တော်မှ တရားရေးအရာရှိများ၊ မော်လမြိုင်ခရိုင်နှင့် ခရိုင်အတွင်းရှိ တရားရုံးများမှ တရားရေးအရာရှိများ၊ Online စနစ်ဖြင့် သထုံခရိုင်၊ ရေးခရိုင်၊ ကျိုက်ထိုခရိုင်နှင့် ခရိုင်/မြို့နယ်အတွင်းရှိ တရားသူကြီးများ စုစုပေါင်း (၅၃)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထပ်ဆင့်ရှင်းလင်းပွဲတွင် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုးက (၂၈) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၏ လမ်းညွှန်မှာကြားသည့် တရားစီရင်ရေးနှင့် စီမံခန့်ခွဲရေးကိစ္စရပ်များ ထပ်ဆင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ အမှုများကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ကြန့်ကြာမှု မရှိစေရေး အမြန်ဆုံးစစ်ဆေးဆောင်ရွက်ရန်နှင့် နိုင်ငံတော်၏ မူဝါဒနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ လမ်းညွှန်မှာကြားချက်များအပေါ် အလေးထားလိုက်နာဆောင်ရွက်ကြရန် မှာကြားသည်။
မွန်ပြည်နယ်တရားလွှတ်တော်၊ တရားရေးဦးစီးမှူး ဒေါ်ခိုင်ခိုင်မျိုးက ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားစီရင်ရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များနှင့် ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များအား ထပ်ဆင့်ရှင်းလင်းဆွေးနွေးမှာကြားခဲ့သည်။
ဆက်လက်၍ ခရိုင်/မြို့နယ်တရားသူကြီးများ၏ တင်ပြချက်များအပေါ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်တရားရေးဦးစီးမှူးတို့က ပြန်လည်ရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)