ဇမ္ဗူသီရိ မတ် ၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် အသက်(၂)လမှ (၅၉) လ အရွယ် ကလေးများအားလုံး ပိုလီယိုရောဂါဖြစ်ပွားမှုကာကွယ်နိုင်ရန်နှင့် အနာဂတ်ကလေးငယ်များ၏ဘဝ ပိုလီယိုရောဂါဘေးမှကင်းဝေးစေရန်ရည်ရွယ်၍ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်မှုဖြင့် ဇမ္ဗူသီရီမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ လင်းပြည်သိမ်းနှင့်တာဝန်ရှိသူများက ယမန်နေ့ နံနက် ၈ နာရီက ဥာဏသိဒ္ဓိရပ်ကွက်ဓမ္မာရုံ၌ ပိုလီယိုရောဂါကာကွယ်ဆေးတိုက်ကျွေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာဆွေဇင်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။
အဆိုပါ ပိုလီယိုရောဂါကာကွယ်ဆေးတိုက်ကျွေးရာတွင် ဇမ္ဗူသီရီမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလင်းပြည်သိမ်းက ပိုလီယိုရောဂါဖြစ်ပွားမှုကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် နေပြည်တော် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် နေပြည်တော် အမျိုးသမီးရေးရာအဖွဲ့တို့မှ တာဝန်ရှိသူများ၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာဆွေဇင်ဝင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာ၊ ဆရာမများက ဥာဏသိဒ္ဓိရပ်ကွက်အတွင်းရှိ အသက် နှစ်လမှ ၅၉ လအရွယ် ကလေး စုစုပေါင်း ၁၅၂ ဦးအား ပိုလီယိုရောဂါဖြစ်ပွားမှု ကာကွယ်ရေးအတွက် ပိုလီယိုရောဂါကာကွယ်ဆေးကို တိုက်ကျွေးခဲ့ကြ သည်။
ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အသက် နှစ်လ မှ ငါးနှစ်အတွင်း ကလေးအားလုံး ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို မတ်လ ၅ ရက်နေ့အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ကာကွယ်ဆေးတိုက်ကျွေးလုပ်ငန်းအောင်မြင်ရေးအတွက် တာဝန်ရှိသူများအားလုံး ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဟိန်းသူအောင် (ပြန်/ဆက်)