မော်လမြိုင်မြို့နယ်၌ မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မော်လမြိုင် မတ် ၁

မော်လမြိုင်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနကဦးဆောင်၍ မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးဟောပြောပွဲကို မော်လမြိုင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်စ္မံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးမင်းနိုင်ဦးက “မီးခိုးမြူငွေ့လျှော့ချရေးနှင့် Fire Hotspot ဖြစ်ပေါ်နေမှုအခြေအနေများ”၊ “မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးနှင့် တောမီးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးချက်များ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်သစ်တောဦးစီးဌာနက တောအုပ်က တောမီးလောင်ကျွမ်းရခြင်းအကြောင်းအရာခေါင်းစဉ်ဖြင့်လည်းကောင်း၊ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိက “မီးလောင်ကျွမ်းမှုလျှော့ချနိုင်ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက “စိုက်ပျိုးရေး ကြွင်းကျန်ပစ္စည်းများမီးရှို့မှုမှ လျော့ပါးစေရေးနည်းလမ်းများ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောခဲ့ကြပြီး တက်ရောက်လာသူများမှ သိရှိလိုသည့် မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြား ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဟောပြောပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ၃၂ ဦး၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်း ၈၂ ဦး၊ စုစုပေါင်း ၁၂၀ ဦး တက်ရောက်ခဲ့ကြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)