စစ်တွေ မတ် ၁
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ အတုလမာရဇိန်ပြည်လုံးချမ်းသာဘုရားကြီးနှင့် ရန်ပြေမာန်ပြေဘုရားကြီးတို့တွင် ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်းသန့်ရှင်းရေး ဆောင် ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေးပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးကာ စစ်တွေမြို့နယ်၊ ခေါင်းဒုက္ကာ(၂)IDP စခန်းမှ မီးဘေးသင့်ပြည်သူများအား တွေ့ဆုံ၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ အတုလမာရဇိန်ပြည်လုံးချမ်းသာဘုရားကြီး သွားရောက်ဖူးမြော်ကြည်ညိုပြီး ဌာနဆိုင်ရာဝန်ထမ်းများက ဘုရားကြီးသိမ်တော်အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝင်္ကဘာကွင်း အတွင်းဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး ဝင်္ကဘာကွင်းအဆင့်မြှင့်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ဂစ္ဆပရပ်ကွက်ရှိ ရန်ပြေမာန်ပြေဘုရားကြီးအား သွားရောက်ဖူးမြော်ကြပြီး ဘုရားကြီးဘက်စုံပြုပြင်နိုင်ရန် အလှူငွေများထည့်ဝင် လှူဒါန်းကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘုရားကြီးရင်ပြင်တော်နှင့် အနီး ပတ်ဝန်းကျင်တွင် ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကိုလှည့်လည် ကြည့်ရှုအားပေးကြပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်အားပေးစကားပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ မြို့မဈေးကြီးတွင် ဟင်းသီးဟင်းရွက်များ၊ စားသောက်ကုန်များ၊ သားငါးများရောင်းချနေမှုကို လှည့်လည်ကြည့်ရှုပြီး ဈေးသူ၊ ဈေးသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းကြီးလမ်းရပ်ကွက်၊ ကျောင်းကြီးလမ်း၊ လမ်းမကြီးမှ ကမ်းနားလမ်းအထိ လမ်းဘေးဝဲယာတိုးချဲ့ကွန်ကရစ်ခင်းခြင်း၊ ပလက်ဖောင်းနှင့် ရေမြောင်းပြုလုပ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြ သည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့်အတူ ရေစီရေလာကောင်းမွန်ရေး ရေမြောင်းများတူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားကြရန် မှာကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လုပ်ငန်းဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းကြီးလမ်းရပ်ကွက်၊ ကျောင်းကြီး လမ်းအား မင်းဘာကြီးလမ်းမှ ချင်းပျံလမ်းဆုံထိ ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ကွန်ကရစ်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။ ထိုသို့သွားရောက်ကြည့်ရှု စစ်ဆေးစဉ် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက လုပ်ငန်းစတင်ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးပြီး ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ရခိုင် ပြည်နယ်အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် စစ်တွေမြို့၊ ဘက်စုံသုံးဆိပ်ကမ်းတွင် အမ်ဗွီတော်ဝင်ရတနာသင်္ဘောဖြင့် ရန်ကုန်မြို့မှ ဆန်၊ စားဆီနှင့်အခြေခံစားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများရောက်ရှိလာမှုကို သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။
အမ်ဗွီတော်ဝင်ရတနာသင်္ဘောတွင် ဆန်၊ စားဆီနှင့်အခြေခံစားသောက်ကုန်ပစ္စည်းများ၊ လူသုံး ကုန်ပစ္စည်းများ စုစုပေါင်းတန်ချိန် ၁၃၇၉ တန် တင်ဆောင်၍ စစ်တွေမြို့သို့ရောက်ရှိလာခြင်းဖြစ်ပြီး အဆိုပါပစ္စည်းများ အတင်အချပြုလုပ်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရောက်ရှိလာသောကုန်ပစ္စည်းများအား စနစ်တကျအတင်အချ ပြုလုပ်နိုင်ရေး၊ ကုန်ပစ္စည်းများပျက်စီး ဆုံးရှုံးမှုမဖြစ်စေရေး၊ လိုအပ်မှုမရှိသော နေရာများသို့မရောက်ရှိ စေနိုင်ရေးနှင့် ဘေးအန္တရာယ်ကင်းရှင်း စွာဆောင်ရွက်နိုင်ရေးတို့ကိုမှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့နယ်၊ ခေါင်းဒုက္ကာ (၂) IDP စခန်းမှ မီးဘေးသင့် ပြည်သူများအား သွားရောက်တွေ့ဆုံ၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခေါင်းဒုက္ကာ (၂) IDP စခန်းမှ မီးဘေးသင့်ပြည်သူ များအား စခန်းတာဝန်ခံရုံး၌ တွေ့ဆုံပြီး နွေရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ် သတိပြု ဆောင်ရွက်ကြရန်၊ IDP စခန်းများတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းပြီး မီးဘေးကြိုတင်ကာကွယ်ရေးအတွက် လိုအပ်သော ပစ္စည်းများအား စီစဉ်ဆောင်ရွက်ထားကြရန်နှင့် မီးဘေးသင့် ပြည်သူများအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ လိုအပ်သည်များ ကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သည့် မီးဘေးသင့်အိမ်ထောင်စုများအတွက် မိုးကာတဲများ၊ မိသားစုသုံးကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ ပုံးများ၊ ရေဘူး၊ ဆန်ရိက္ခာ တစ်လစာအတွက် ငွေကျပ် ၁၈၀၀၀၀၀၀ တို့ကို ပေးအပ်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မီးဘေးသင့်ပြည်သူများအား ပြည်နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ဆရာဝန်၊ သူနာပြုများက ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)