မော်လမြိုင် မတ် ၁
၂ဝ၂၅ ခုနှစ် (၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ဝန်ကြီးချုပ်ဖလားတက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်းများ အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂၈ ရက်နေ့ ညနေပိုင်းက မော်လမြိုင်မြို့ ရာမညအားကစားကွင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်ဘောလုံးဆပ် ကော်မတီဝင်များ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာပြိုင်ပွဲဝင်အားကစားသမားများမှ ကွင်းအတွင်းနေရာယူ၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက တစ်မျိုးသားလုံး ကျန်းမာသန်စွမ်းသည့်လူငယ်၊ လူရွယ်များဖြစ်စေရန် နှင့် နိုင်ငံတော်ကိုချစ်သည့် စိတ်၊ နိုင်ငံတော်ကို ကာကွယ်လိုသည့်စိတ်ဓာတ်များ မြင့်မားလာစေရန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ကျောင်းများ၏အားကစား ပြက္ခဒိန်ထဲတွင် အားကစားပြိုင်ပွဲများနှင့်အားကစားနှင့်သက်ဆိုင်သည့် Activities များ ထည့်သွင်းရေးဆွဲဆောင်ရွက်ရန် လမ်းညွှန်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်အတွင်း အားကစားပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း၊ အားကစားသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းတို့ကို မွန်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ဆောင်ရွက်ပေးလျက်ရှိသလို တက္ကသိုလ်ကောလိပ်သိပ္ပံ၊ ကျောင်းများ အအလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးခြင်းဖြင့် ဘောလုံး အားကစား တိုးတက်မြင့်မားရေးကို အထောက်အကူပြုစေရန်၊ ဘောလုံးသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေရန်၊ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်၊ နိုင်ငံလက်ရွေးစင်ဘောလုံးသမားများ မွန်ပြည်နယ်မှမွေးထုတ် ပေးနိုင်ရန်စသည့် ရည်ရွယ်ချက်ကောင်းတွေနဲ့ ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ မွန်ပြည်နယ် ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် ပြည်နယ်ဂုဏ်ဆောင် အားကစား သမားများ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များ အားလုံး အထူးအာရုံစိုက်ပြီး ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ပြိုင်ပွဲဝင် အားကစားသမား များကလည်း ချမှတ်ထားတဲ့ စည်းမျဉ်း/စည်းကမ်းဘောင်အတွင်းက ကြိုးစားယှဉ်ပြိုင်ကြပြီး ဒိုင်လူကြီးများကလည်း ဘက်လိုက်မှုကင်းစွာနဲ့ မှန်မှန်ကန်ကန် ဆုံးဖြတ်ဆောင်ရွက်ပေးကြ စေလိုကြောင်း ပြောကြားကာ ဘောလုံးပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက်ပြိုင်ပွဲဝင် အားကစားသမားများမှကွင်းအတွင်းမှ ပြန်လည်ထွက်ခွာပြီး အဖွင့်ပွဲစဉ်အဖြစ် မော်လမြိုင်တက္ကသိုလ်ဘောလုံးအသင်းနှင့် နည်းပညာတက္ကသိုလ် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကြည့်ရှု အားပေးကြသည်။
အဆိုပါ ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်းများ အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှ မတ်လ ၈ ရက်နေ့အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)