မိုးနဲမြို့နယ်၌ နွေရာသီအခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း ဖွင့်လှစ်

မိုးနဲ မတ် ၁    

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလူငယ် မောင်/ မယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အားလပ်ချိန်များကို အကျိုးရှိစွာဖြတ်သန်းနိုင်စေရန်၊ ကိုယ်၊ စိတ်၊ နှလုံးယဉ်ကျေးလိမ္မာစေရန်နှင့် ဗုဒ္ဓ၏အဆုံးအမ တရားတော်များနှင့်အညီ ကျင့်ကြံနေထိုင်တတ်စေရန် ရည်ရွယ်၍ ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ဝိဇ္ဇာရိယဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ရာ ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ကြသည်။

ဦးစွာ မြို့နယ်သံဃနာယကဥက္ကဋ္ဌ အုဠ်ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် မြို့နယ်ဂေါပကဥက္ကဋ္ဌ ဦးတိုးလှတို့က သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြခဲ့ကြသည်။

ထို့နောက် ဝိဇ္ဇာရိယဘုန်းတော်ကြီးကျောင်းတိုက်ဆရာတော်ထံမှ ဩဝါဒခံယူခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)