မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ခေတ်မီ DEMU ရထားတွဲဆိုင်းသစ်များအသုံးပြု၍ ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ်နှင့် လေအိတ်ရထား မန္တလေး-နေပြည်တော်-မန္တလေး ခရီးစဉ်များ ချိတ်ဆက်ပြေးဆွဲသည့် အစီအစဉ် စတင်ခြင်းအခမ်းအနားသို့ တက်ရောက်

မန္တလေး မတ် ၁

ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် ဂျပန်နိုင်ငံမှ ဝယ်ယူရောက်ရှိလာသည့် ခေတ်မီ DEMU ရထားတွဲဆိုင်းအသစ်များ အသုံးပြု၍ ပြေးဆွဲသည့် အမှတ်(၇) အဆန်၊ အမှတ်(၈)အစုန် ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ်နှင့် အမှတ်(၂၇) အဆန်၊ အမှတ်(၂၈)အစုန် လေအိတ်ရထား မန္တလေး - နေပြည်တော်- မန္တလေးခရီးစဉ်တို့အား ချိတ်ဆက်ပြေးဆွဲသည့်အစီအစဉ် စတင်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မန္တလေးဘူတာကြီး အမှတ်(၁)စင်္ကြံတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ အထွေထွေမန်‌နေဂျာ(အင်ဂျင်နီယာ/စီမံ) ဦးတင်မာင်သန်း၊ အထွေထွေမန်‌နေဂျာ ဦးစိုင်းသော်လင်း(အထက်မြန်မာပြည်)၊ ဦးကျော်မျိုးထွန်း၊ တိုင်းအမှတ်(၃)တိုင်းအရာရှိများ၊ ရုံပိုင်ချုပ်ကြီး ဦးမြင့်သိန်းနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြန်မာ့မီးရထားဧည့်ခန်းမ၌ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့အား မြန်မာ့မီးရထားမှတာဝန်ရှိသူများက ရထားစီးခရီးသွားပြည်သူများ စိတ်ချမ်းမြေ့စွာ ခရီးသွားလာနိုင်စေရေး ခေတ်မီလူစီးတွဲများ ဖြည့်တင်း၊ ထုတ်လုပ်ခြင်း၊ ရထားလမ်းအဆင့်မြှင့်တင်ခြင်း၊ ဘူတာရုံများအဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြမှများအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရထားဖြင့် လိုက်ပါစီးနင်းကြသည့် ခရီးသွားပြည်သူများအား ရင်းနှီးနွေးထွေးစွာ လိုက်လံနှုတ်ဆက်ပြီး လန်းဆန်းစာများကို ပေးအပ်ခဲ့သည်။

ယခု ချိတ်ဆက်ပြေးဆွဲမှုအနေဖြင့် အမှတ်(၂၇)အဆန်၊ အမှတ်(၂၈)အစုန် လေအိတ်ရထား မန္တလေး-နေပြည်တော်-မန္တလေး လမ်းပိုင်း၌ ရိုးရိုးတန်း လေးတွဲ၊ အထက်တန်းနှစ်တွဲ စုစုပေါင်းတွဲဆိုင်း ခြောက်တွဲဖြင့် ခရီးသည် ၃၃၀ ဦး၊ အဆင့်မြှင့်တင်ပြီး ရန်ကုန်-နေပြည်တော် လမ်းပိုင်းတွင် DEMU ရထားတွဲဆိုင်းအသစ်များဖြင့် အမှတ်(၇)အဆန်၊ အမှတ်(၈)အစုန် ရန်ကုန်-နေပြည်တော်-ရန်ကုန် လမ်းပိုင်း၌ ပထမတန်းလေးတွဲ၊ အထက်တန်းနှစ်တွဲ စုစုပေါင်းတွဲဆိုင်းခြောက်တွဲဖြင့် ခရီးသည် ၃၁၂ ဦးတို့ လိုက်ပါစီးနင်းနိုင်မည်ဖြစ်ပြီး မန္တလေး- နေပြည်တော်-မန္တလေး လမ်းပိုင်းတွင် မန္တလေးဘူတာကြီးမှ နံနက် ၆ နာရီမှ စတင်ထွက်ခွာ၍ နေပြည်တော်ဘူတာသို့ ၁၁ နာရီတွင်လည်းကောင်း၊ ရန်ကုန်-နေပြည်တော်-ရန်ကုန် လမ်းပိုင်း၌ နေပြည်တော်ဘူတာမှ မွန်းတည့် ၁၂ နာရီတွင် စတင်ထွက်ခွာ၍ ရန်ကုန်ဘူတာသို့ ညနေ ၅ နာရီခွဲတွင်လည်းကောင်း ဆိုက်ရောက်မည်ဖြစ်ပြီး ရန်ကုန်-မန္တလေး ခရီးစဉ်တစ်လျှောက် ပဲခူး၊ ဖြူး၊ တောင်ငူ၊ နေပြည်တော်၊ သာစည်ဘူတာတို့၌ ရပ်တန့်ပေးသွားမည်ဖြစ်ကာ ခရီးစဉ်အစအဆုံး ပြေးဆွဲချိန် ၁၁ နာရီသာ ကြာမြင့်မည်ဖြစ်ကြောင်း၊ ရန်ကုန်-နေပြည်တော်- ရန်ကုန်လမ်းပိုင်းတွင် ခေတ်မီ DEMU ရထားပြေးဆွဲချိန်သည် ၅ နာရီခွဲ ကြာမြင့်မည်ဖြစ်ကြောင်း၊ လက်မှတ်ခနှုန်းထားအနေဖြင့် ရန်ကုန်-နေပြည်တော်၊ နေပြည်တော်-ရန်ကုန် ခရီးစဉ်အတွက် အမှတ်(၇) အဆန်၊ အမှတ်(၈)အစုန် ခေတ်မီ DEMU ရထားတွင် ပထမတန်းအတွက် ငွေကျပ် ၁၉ဝဝဝ၊ အထက်တန်းအတွက် ငွေကျပ် ၂၈၀၀၀ နှင့် မန္တလေး - နေပြည်တော်၊ နေပြည်တော်-မန္တလေး ခရီးစဉ်အတွက် အမှတ်(၂၇)အဆန်၊ အမှတ်(၂၈)အစုန် လေအိတ်ရထားတွင် ရိုးရိုးတန်းအတွက် ငွေကျပ် ၇ဝဝဝ၊ အထက်တန်းအတွက် ငွေကျပ် ၁၁၀၀၀ ဖြစ်ကြောင်း၊ ခရီးသည်များအနေဖြင့် ရန်ကုန်--မန္တလေးနှင့် မန္တလေး - ရန်ကုန် ခရီးစဉ်အစအဆုံး လက်မှတ်ဝယ်ယူနိုင်ပြီး ပထမတန်း၊ ရိုးရိုးတန်းအတွက် ငွေကျပ် ၂၆၀၀၀၊ အထက်တန်းအတွက် ငွေကျပ် ၃၉ဝဝဝဖြစ်ကာ လက်မှတ်များကို သုံးရက်ကြိုတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ၊ ပြန်/ဆက်)