တပ်ကုန်း မတ် ၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် အသက်(၂)လမှ (၅၉)လအရွယ် ကလေးများအားလုံး ပိုလီယိုရောဂါဖြစ်ပွားမှုကာကွယ်နိုင်ရန်နှင့် အနာဂတ်ကလေးငယ်များ၏ ဘဝ ပိုလီယိုရောဂါဘေးမှ ကင်းဝေးစေရန် ရည်ရွယ်၍ တပ်ကုန်းမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပိုလီယိုရောဂါ အစက်ချကာကွယ်ဆေး တိုက်ကျွေးခြင်း အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆရာစံရပ်ကွက်၊ ဗိုလ်မင်းရောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါပိုလီယိုရောဂါအစက်ချကာကွယ်ဆေးတိုက်ကျွေးရာတွင် နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှိုင်လှိုင်ဌေးနှင့် တပ်ကုန်းခုတင်(၁၀၀)ပြည်သူ့ဆေးရုံ ကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာအုပ်စိုးလင်းတို့က ပိုလီယိုရောဂါဖြစ်ပွားမှုကာကွယ်ရေး အကြောင်းရှင်းလင်းဟောပြောခဲ့ပြီးနောက် ပြည်သူ့ကျန်းမာရေး ဆရာ၊ဆရာမများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့်အမျိုးသမီးရေးရာအဖွဲ့မှတာဝန်ရှိသူများက ဆရာစံ ရပ်ကွက်၊ ဗိုလ်မင်းရောင်ရပ်ကွက်အတွင်းရှိ အသက်(၂) လမှ (၅၉) လအရွယ် ကလေးစုစုပေါင်း ၈၅၄ဦးအား ပိုလီယိုရောဂါဖြစ်ပွားမှု ကာကွယ်ရေးအတွက် ပိုလီယိုရောဂါ အစက်ချကာကွယ် ဆေးတိုက် ကျွေးခဲ့သည်။
တပ်ကုန်းမြို့နယ်အတွင်းရှိ အသက် ၂ လ မှ ၅ နှစ်အတွင်း ကလေးအားလုံး ပိုလီယိုအစက်ချ ကာကွယ်ဆေး တိုက်ကျွေးခြင်းလုပ်ငန်းကို မတ်လ ၅ ရက်နေ့အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးတိုက်ကျွေးလုပ်ငန်းအောင်မြင်ရေးအတွက် တာဝန်ရှိသူများ အားလုံးပူးပေါင်း အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်