စစ်တွေ မတ် ၁
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ ရွှေစေတီဘုန်းတော်ကြီးကျောင်းနှင့် စစ်ကဲတော်မင်းဘုန်းတော်ကြီးကျောင်းတို့၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ဆန်ရိက္ခာနှင့် စားသုံးဆီများ ချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ကြပြီး စစ်တွေမြို့ပေါ်ရှိ လမ်းများတွင် ဆိုလာစနစ်ဖြင့် လမ်းမီးများတပ်ဆင်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေစေတီဘုန်းတော်ကြီးကျောင်းသို့သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကာ နဝကမ္မအလှူငွေများ လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်၊ သူနာပြုများက ယာယီနေရပ်စွန့်ခွာပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းတိုက်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား စခန်းတာဝန်ခံများက အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ရန်ပုံငွေမှ တစ်ဦးလျှင် (၁)လ ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် ပေးအပ်သည့် ထောက်ပံ့ငွေများအား ပေးအပ်နေမှုကို ကြည့်ရှုအားပေးကြပြီး နယ်စပ်ရေးရာဝန်ကြီးဌာနမှ ပေးအပ်ချီးမြှင့်သည့် စားသုံးဆီများအား ဖြန့်ဝေပေးခဲ့ကြသည်။ ဆက်လက်၍ နိုင်ငံတော်မှပေးအပ်ချီးမြှင့်သည့် ဆန်ဖြန့်ဝေပေးနေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး ပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်ကဲတော်မင်းဘုန်းတော်ကြီးကျောင်းသို့သွားရောက်၍ ကျောင်းထိုင်ဆရာတော်အားဖူးမြော်ကာ နဝကမ္မအလှူငွေများလှူဒါန်းကြပြီး ကျောင်းတိုက်အတွင်းရှိ ယာယီနေရပ်စွန့်ခွာ တိုက်ပွဲရှောင်ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေမှ တစ်ဦးလျှင် (၁)လ ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် ပေးအပ်သည့် ထောက်ပံ့ငွေများအား ပေးအပ်နေမှုအား ကြည့်ရှုအားပေးကြပြီး နယ်စပ်ရေးရာဝန်ကြီးဌာနမှ ပေးအပ်ချီးမြှင့်သည့် စားသုံးဆီများအား ဖြန့်ဝေပေးခဲ့ကြသည်။ ယင်းနောက် နိုင်ငံတော်မှ ပေးအပ်ချီးမြှင့်သည့် ဆန်များ ဖြန့်ဝေပေးနေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး ပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ကုန်သည်လမ်းနှင့် မင်းဘာကြီးလမ်းတို့တွင် ဆိုလာစနစ်ဖြင့် လမ်းမီးများတပ်ဆင်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက စစ်တွေမြို့ပေါ်ရှိ အဓိကလမ်းမကြီးများနှင့် လမ်းများတွင် လမ်းမီးများ တပ်ဆင်ပြီးစီးနေမှုနှင့် တပ်ဆင်နေမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လမ်းမကြီးများအပြင် လမ်းသွယ်များတွင်လည်း လမ်းမီးများတပ်ဆင်နိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားကြရန်မှာကြားပြီး ကုန်သည်လမ်းအတွင်းနေထိုင်ကြသည့် ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၂၇ ရက်နေ့ညနေပိုင်းက စစ်တွေမြို့ပေါ်ရှိ မင်းဘာကြီးလမ်း၊ လမ်းမကြီး၊ ကမ်းနားလမ်းနှင့် မေယုလမ်းတို့တွင် ဆိုလာစနစ်ဖြင့် လမ်းမီးများလင်းနေမှုကို လှည့်လည်ကြည့်စစ်ဆေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းဘာကြီးလမ်းတွင် ဆိုလာစနစ်ဖြင့် လမ်းမီးများ လင်းနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး အဆိုပါလမ်းအတွင်း နေထိုင်ကြသည့် ဒေသခံပြည်သူများ၊ ဈေးရောင်းချနေကြသူများနှင့် လမ်းသွားလမ်းလာပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး လမ်းမီးများလင်းနေမှုအခြေအနေ၊ မီးအလင်းရောင်ရရှိနိုင်မှုအခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးမေးမြန်းခဲ့ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လမ်းမကြီး၊ ကမ်းနားလမ်းနှင့် မေယုလမ်းတို့တွင် ဆိုလာစနစ်ဖြင့် လမ်းမီးများလင်းနေမှုကို လှည့်လည်ကြည့်စစ်ဆေးကြပြီး ဈေးရောင်းချနေကြသူများနှင့် လမ်းသွားလမ်းလာပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)