ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် အောင်ပွဲရမြန်မာအမျိုးသမီးဘောလုံးအသင်းအား ကြိုဆိုဂုဏ်ပြု

ရန်ကုန် မတ် ၁

နီပေါနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့‌သော လေးနိုင်ငံအမျိုးသမီးဖိတ်ခေါ်ဘောလုံး ပြိုင်ပွဲ (INTERNATIONAL WOMEN'S CHAMPIONSHIP 2025)တွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းက အိမ်ရှင်နီပေါအသင်းကို နှစ်ဂိုးဂိုးမရှိဖြင့်အနိုင်ရရှိပြီး ချန်ပီယံဆု ဖလားရရှိကာ ယ‌မန်နေ့နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါမြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းအား ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက၊ တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်း၊ အားကစားနှင့်လူငယ်ရေးရာ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဇင်မင်းထက်၊ တိုင်းဒေသကြီး၀န်ကြီးများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ဇနီးဒေါ်ဌေးဌေးခိုင်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး   ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန့်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အမျိုးသမီးဘောလုံးကော်မတီဥက္ကဋ္ဌ ဒေါ်ခင်စံပယ်ကြည်၊ MFF ဒုတိယဥက္ကဋ္ဌ ပါမောက္ခဒေါက်တာဒေါ်ခင်‌စောဦး နှင့်အဖွဲ့ဝင်များ၊ အမှုဆောင်များ၊ အားကစားဝါသနာရှင်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းသား၊ ကျောင်းသူများ‌က သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့က မြန်မာ့လက်ရွေးစင် အမျိုးသမီး‌ဘောလုံးအသင်းအား ဂုဏ်ပြုဆုငွေကျပ် သိန်း ၆၅၀ ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

မြန်မာနှင့်နီပေါလက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းတို့သည် ဗိုလ်လုပွဲအဖြစ် ဖေဖော်ဝါရီ ၂၆ ရက် ည ၆ နာရီ ၄၅ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့ရာ ပထမပိုင်းပြီးဆုံးချိန်အထိ ဂိုးမရှိသရေ ရလဒ်ထွက်ပေါ်ခဲ့ပြီး ဒုတိယပိုင်းပွဲကစားချိန်အတွင်း ဝင်းသိင်္ဂီထွန်းနှင့် ရူပါခိုင်တို့၏ သွင်းဂိုးများဖြင့် ပွဲပြီးဆုံးချိန်၌ ၂ ဂိုး ဂိုးမရှိရလဒ် ဖြင့်နိုင်ပွဲရရှိကာ ချန်ပီယံဖြစ်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် ပြိုင်ပွဲတစ်လျှောက် ၄ သင်းပတ်လည် ယှဉ်ပြိုင်ကစားရာ၌ ရှုံးပွဲမရှိစံချိန်ရရှိခဲ့ပြီး လက်ဘနွန်အသင်းအား ၃ ဂိုး ၁ ဂိုး၊ ကာဂျစ္စတန် အသင်းအား ၅ ဂိုး ဂိုးမရှိရလဒ်တို့ဖြင့်အနိုင်ယူခဲ့ကာ ဖေဖော်ဝါရီ ၂၃ ရက်က အိမ်ရှင်နီပေါ အသင်းနှင့် ပွဲစဉ်တွင်လည်း  ၂ ဂိုး ၂ ဂိုးရလဒ်ဖြင့် သရေကျခဲ့ကာ ထိုသို့ယှဉ်ပြိုင်ကစားခဲ့ပြီး ထိပ်ဆုံးနှစ်သင်းဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရမည့်စည်းမျဉ်းကြောင့် ဖေဖော်ဝါရီ ၂၆ ရက်တွင် အိမ်ရှင်နီပေါအသင်းနှင့်ယှဉ်ပြိုင်ကစားခဲ့ရာတွင် ချန်ပီယံဆုရရှိခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)