မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်ပညာရေးဒီဂရီကောလိပ်၌ အထူးနေ့လယ်စာစားပွဲအခမ်းအနား တက်ရောက်

မော်လမြိုင် မတ် ၁

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မော်လမြိုင်ပညာရေးဒီဂရီကောလိပ် အထူးနေ့လယ်စာစားပွဲအခမ်းအနားကို ဖေဖော်ဝါ ရီ ၂၈ ရက်နေ့ နေ့လယ်ပိုင်းက ပညာရေးဒီဂရီကောလိပ် စားရိပ်သာ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာဖြစ်သင်တန်းတက်ရောက်နေသော သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။

ဦးစွာ အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အစိုးရအနေဖြင့် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ကြီး ပေါ်ပေါက်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာမှာ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်ဖြင့် ဆောင်ရွက်နေတာကို အားလုံးအသိဘဲဖြစ်ကြောင်း၊ မော်လမြိုင်ပညာရေးဒီဂရီကောလိပ် သင်တန်းသား၊ သင်တန်းသူများအနေဖြင့်လည်း ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ် တည်ဆောက်နိုင်ရေးအတွက် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာပြည့်ဝသော ဆရာ၊ ဆရာမများအဖြစ် အစွမ်းကုန်ကြိုးစားအားထုတ်မှသာလျှင် နောင်အနာဂါတ်မှာ နိုင်ငံတော်ရဲ့ တာဝန်တွေကို ပုခုံးပြောင်းထမ်းဆောင်မည့် ဗလငါးတန်နှင့် ပြည့်စုံတဲ့သင်တန်းသူ၊ သင်တန်းသားများကို မွေးထုတ်ပေးနိုင်တဲ့ တိုင်းပြည်တာဝန်ကို ကျေပွန်သော ဆရာ၊ ဆရာမကောင်းများ ဖြစ်ထွန်းလာမှာ ဖြစ်ကြောင်း၊ ယခုတက်ရောက်ပညာသင်ကြားနေသည့် ပထမနှစ်(ပထမနှစ်ဝက်) သင်တန်းသား၊ သင်တန်းသူ(၉၀)ဦး၊ ဒုတိယနှစ် (ပထမနှစ်ဝက်) သင်တန်းသား၊ သင်တန်းသူ (၁၁၁) ဦး၊ တတိယနှစ် (ပထမနှစ်ဝက်) သင်တန်းသား၊ သင်တန်းသူ (၁၈၆) ဦး၊ တတိယနှစ် (ဒုတိယနှစ်ဝက်) သင်တန်းသား၊ သင်တန်းသူ (၂၄၃) ဦး၊ စတုတ္ထနှစ် (ပထမနှစ်ဝက်) သင်တန်းသား၊ သင်တန်းသူ (၅၃) ဦး စုစုပေါင်း (၆၈၅) ဦးတို့ဟာ နှစ်ဝက်ဆုံးစာမေးပွဲကို လာမည့် မတ်လ (၁၀) ရက်နေ့မှ မတ်လ (၂၂) ရက်နေ့အထိ ဖြေဆိုသွားရမယ်ဟု သိရှိသည့်အတွက် စာမေးပွဲကို အောင်အောင်မြင်မြင် ဖြေဆိုနိုင်ဖို့အတွက် ကျန်းမာရေးကို အထူး ဂရုစိုက်ကြရန်နှင့် အဟာရဓာတ်ပြည့်ဝအောင် စားသောက်ဖို့ အရေးကြီးကြောင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် မော်လမြိုင်ပညာရေးဒီဂရီကောလိပ် သင်တန်းသား၊ သင်တန်းသူများရဲ့ အထူးနေ့လယ်စာစားပွဲကို အတူတကွ စားသုံးရင်း ဝမ်းမြောက်ပျော်ရွှင်ကြပါစေကြောင်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပညာရေးဒီဂရီကျောင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခဲ့ကာ ဆရာဖြစ်သင်တန်းတက်ရောက်နေသော သင်တန်းသား၊ သင်တန်းသူများနှင့် အတူတကွ နေ့လယ်စာ သုံးဆောင်ခဲ့ကြပြီး သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)