သထုံမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

သထုံ မတ် ၁

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းဆပ်ကော် မတီမှ စီစဉ်ကျင်းပသည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ဘင်လှိုင်ရပ်ကွက်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် သထုံခရိုင် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ညိုညိုစိုးက ကလေးသူငယ်၏ အသက်အရွယ်အပိုင်းအခြားနှင့် ကလေးအလုပ်သမား၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ တည်ဆဲဥပဒေအရ ကလေးအလုပ်သမားခိုင်းစေခြင်းနှင့် ပြစ်မှုပြစ်ဒဏ်များ၊ အလုပ်ရုံအလုပ်ဌာနများအနေဖြင့် ကလေးအလုပ်သမား အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ သိရှိထားရမည့်အချက်များ၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနအနေဖြင့် ကလေးအလုပ်သမားကင်းစင်ရေး ဆောင်ရွက်နေမှုများ စသည်တို့ကို ရှင်းလင်းဆွေးနွေးဟောပြောသည်။

ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက လူထုအခြေပြုဗဟိုဌာန၌ အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူတို့က ကလေးအလုပ်သမားပပျောက်ရေးနှင့်စပ်လျဉ်း၍ သိလိုသည်တို့ကို မေးမြန်းခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)