ပေါင် မတ် ၁
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ ပြည်သူများအား ဥပဒေအသိပညာရရှိစေရန် ဥပဒေအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် (၉) နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝါရီရူခန်းမ၌ ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မွန်ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်က ဥပဒေပညာဘာသာရပ်သည် နိုင်ငံတစ်နိုင်ငံအတွက် မရှိမဖြစ်လိုအပ်သည့် ပညာဘာသာရပ်တစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံသားတိုင်းအနေဖြင့် ဥပဒေပညာဘာသာရပ်ကို သိရှိလိုက်နာစောင့်ထိန်းကြရသည့် ပြဋ္ဌာန်းသတ်မှတ်ထားသော စည်းကမ်းကျင့်စဥ်ကြီးတစ်ရပ် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဥပဒေပညာဘာသာရပ်ကို လူတိုင်းသိအပ်၊ တတ်အပ်သော ပညာရပ်ဟုဆိုရမည်ဖြစ်သည်။ နိုင်ငံသားတိုင်းသည် နိုင်ငံတော်က ထုတ်ပြန်ပြဋ္ဌာန်းထားသော တည်ဆဲဥပဒေများကို လေးစားလိုက်နာစောင့်ထိန်းကြရမည်။ ဥပဒေနှင့်ငြိစွန်းသောကိစ္စရပ်များကို လူတိုင်း မပြုလုပ်ကြရန် အလေးထားရှောင်ရှားကြရမည်ဖြစ်သည်။ ဥပဒေက မလုပ်ရန်၊ ရှောင်ရှားကြရန် တားမြစ်ထားသောပြဋ္ဌာန်းချက်များကို မလိုက်နာပါက ဥပဒေ၏ပြစ်ဒဏ်ပေးခြင်းတို့ကို ခံစားကြရမှာ ဖြစ်ပါကြောင်း၊ ဥပဒေအသိပညာပြန့်ပွားပေးရခြင်းမှာ နိုင်ငံသားတိုင်း ဥပဒေအသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် ဥပဒေအသိအမြင်၊ ဥပဒေအတွေးအခေါ်၊ ဥပဒေစိတ်ထားများ၊ ဥပဒေစကားများပိုမိုပေါ်ထွန်းလာစေရေးတို့အတွက် ရည်ရွယ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်)၊ သိမှတ်ဖွယ်ရာဥပဒေရေးရာအဖြာဖြာ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ (၂၀၁၀ခုနှစ်)၊ လောင်းကစားဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ၊ နိုင်ငံ ဝန်ထမ်းဥပဒေ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေတို့ကို ဟောပြောပို့ချခဲ့ပြီး မွန်ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်က ၎င်းကိုယ်ပိုင်စာအုပ်များကို ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်အတွက် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်ထောင်စုဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ကြေညာချက်များ ၄၃၇ မျိုးကို မြို့နယ်ဦးစီးမှူးထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲသို့ မွန်ပြည်နယ်ဥပဒေချုပ်ရုံး ဦးမြင့်အောင်နှင့် ပြည်နယ်ဥပဒေအရာရှိ၊ လက်ထောက်ပြည်နယ်ဥပဒေအရာရှိများ၊ သထုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်နှင့်အဖွဲ့ဝင်များ၊ သထုံခရိုင်ဥပဒေအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဥပဒေအရာရှိနှင့်ဝန်ထမ်းများ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ စုစုပေါင်း (၁၉၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)