နေပြည်တော် မတ် ၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပုပ္ပါးကုန်းရပ်ကွက်၊ “သုတရောင်ခြည်” စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီတွင် အဆိုပါ စာကြည့်တိုက်ရှေ့၌ ကျင်းပရာ နေပြည်တော်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ “သုတရောင်ခြည်” စာကြည့်တိုက်အဆောက်အဦအသစ်ကို နေပြည်တော် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီဝင် ဦးဟန်သူ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်နှင့် ပုပ္ပါးကုန်းရပ်ကွက် ရပ်မိရပ်ဖ ဦးသောင်းညွန့်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။
ယင်းနောက် နေပြည်တော်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက စာကြည့်တိုက်အတွင်း ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ စာပေဖတ်ရှုလေ့လာနေမှုနှင့် စာအုပ်စာစောင်များ ထားရှိမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် နေပြည်တော်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် စာပေဖတ်ရှုလေ့လာခြင်းမှ အသိပညာဗဟုသုတများစွာရရှိနိုင်သဖြင့် စာအုပ်စာပေလေ့လာဖတ်ရှုရာတွင် ဖတ်ရှုရုံသက်သက်မလုပ်ဘဲ ဖတ်သမျှကို မှတ်သားခြင်း၊ မှတ်သားမိသမျှကိုလည်း ပြန်လည်မျှဝေဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ သို့မှသာ အမှား/အမှန်ကို ဝေဖန်သုံးသပ်နိုင်ကာ အသိပညာဗဟုသုတကြွယ်ဝပြီး နောင်တစ်ချိန်တွင် တိုင်းပြည်က အားကိုးအားထားပြုရမည့် နိုင်ငံ့သားကောင်းများ ပေါ်ထွန်းလာမှာဖြစ်ပါကြောင်း၊ ပညာရေးနှင့်ပတ်သက်ပြီး ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ကြားနိုင်ရေး၊ KG+9 အထိ မသင်မနေရ သင်ကြားနိုင်ရေးတို့အတွက် သတ်မှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ KG+9 ပြီးမြောက်ပါက KG+10 မှ KG+12 အထိ ၃ နှစ်တာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုဘာသာရပ်များ ဆက်လက်သင်ကြားနိုင်ပါက အခြေခံအလုပ်အကိုင်ကို ရရှိစေမည်ဖြစ်သကဲ့သို့ စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာတတ်မြောက်သည့် ကျွမ်းကျင်ပညာရှင်များစွာ ပေါ်ထွန်းနိုင်ရေးအတွက် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများ ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ ကျေးလက်နေပြည်သူများအပါအဝင် ပြည်သူတစ်ရပ်လုံး စာတတ်မြောက်ရေးအတွက် စာမတတ်သူပပျောက်ရေး စီမံချက်ရေးဆွဲအကောင်အထည်ဖော်ပြီး စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးခြင်းအားဖြင့် စာမတတ်သူပပျောက်ရေးမှသည် စာမဖတ်တတ်သူပပျောက်ရေးအထိ တိုးချဲ့ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ လူငယ်များအပါအဝင် ပြည်သူများအားလုံး စာဖတ်ကြရန်နှင့် စာပေလေ့လာဖတ်ရှုနိုင်မည့် ပတ်ဝန်းကျင်များ ဖန်တီးပေးရန် ယခုလို ကျေးရွာ စာကြည့်တိုက်များ တည်ဆောက်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် စာကြည့်တိုက်များသို့ သွားရောက်၍ စာပေဖတ်ရှုရန်အတွက် ရပ်မိ၊ ရပ်ဖများ၊ အုပ်ထိန်းသူများအနေဖြင့်လည်း လူငယ်များ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရေးကို ဝိုင်းဝန်းနှိုးဆော်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ကျေးရွာစာကြည့်တိုက် ရေရှည်ခိုင်မာပြီး ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေး၊ စာအုပ်စာစောင်များ ဆက်လက်တိုးပွားရရှိစေရေးလုပ်ငန်းများနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နေပြည်တော်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက စာကြည့်တိုက်အတွက် MRTV DTH စလောင်းနှင့် MRTV DVB-T2 Set Top Box တစ်စုံ၊ နေပြည်တော်ကောင်စီမှ စာကြည့်တိုက် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မတည်ငွေများနှင် စာအုပ်စာစောင်များကိုလည်းကောင်း၊ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
ယင်းနောက် နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်း ဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် နေပြည်တော် စာကြည့်တိုက်များဖောင်ဒေးရှင်ဥက္ကဋ္ဌတို့က စာကြည့်တိုက်အတွက် စာအုပ်စာစောင်များကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက စာကြည့်တိုက်ဆိုင်ရာ အချက်အလက်များကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လှထံ လွှဲပြောင်းပေးအပ်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက စာကြည်တိုက်ဖွင့်ပွဲတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဒိုးပတ်အဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)