အေးသာယာမြို့တွင် နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုများပပျောက်ရေး လှုပ်ရှားမှုတစ်ရပ်ပြုလုပ်

 

တောင်ကြီး         ဒီဇင်ဘာ  ၇

နိုင်ငံတကာအမျိုးသမီးများအပေါ်အကြမ်းဖက်မှုများပပျောက်ရေးနေ့ အထိမ်းအမှတ်အနေဖြင့် ကလေးနှင့် အမျိုးသမီးများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်မှုဆောင်ရွက်နေသော ကမ်းလက်မေတ္တာ အဖွဲ့အစည်းမှ ယမန်နေ့ ညနေ(၄)နာရီက တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ တိုင်းလုံ လမ်းဆုံတွင် လှုပ်ရှားမှုတစ်ရပ် အဖြစ် ဖဲကြိုးဖြူအမှတ်အသားပါ Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ပပျောက်ရေးဖဲကြိုးဖြူနေ့ အထိမ်းအမှတ်ကို နိုဝင်ဘာလ(၂၅)မှ ဒီဇင်ဘာ(၁၀)ရက်အထိ (၁၆)ရက်အတွင်း အမျိုးသမီးများ အပေါ်အကြမ်းမဖက်ရေးကို ကမ္ဘာတစ်ဝှမ်းတွင် ပညာပေးလှုံ့ဆော်မှုများ ပြုလုပ်လေ့ရှိပြီး ရှမ်းပြည်နယ်တွင်၂၀၁၂ ခုနှစ်ကစတင်၍ ရှမ်းပြည်တစ်ဝှမ်းလုံးရှိ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတို့ ပူးပေါင်းကျင်းပလာခဲ့ရာ ၂၀၂၀ ခုနှစ်အထိ(၈)နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဒိုမေနီကန်နိုင်ငံသမ္မတ မိုလီနာသည် သူ့ကိုဆန့်ကျင်သည့် မီရဘယ်လ်ညီအစ်မ (၃)ဦးကို ၁၉၆၀ ခုနှစ်၊ နိုဝင် ဘာလ(၂၅)ရက်နေ့တွင် လုပ်ကြံ သတ်ဖြတ်ခဲ့ပြီး ၎င်းတို့သေဆုံးသည့်နေ့ကို အစွဲပြု၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေးနေ့အဖြစ်သတ်မှတ်ခဲ့ကြောင်း၊ အမျိုးသမီး များအပေါ် အကြမ်းဖက် မှုများကို ဖြစ်နိုင်သမျှ တားဆီးကာကွယ်ပေးမည်ဆိုသည့် ခံဝန်ကတိအဖြစ် ဖဲကြိုးဖြူတပ်ဆင်သည့်အတွက် ဖဲကြိုးဖြူနေ့ဟု ခေါ်ဝေါ်ခဲ့ကြောင်း သိရသည်။

 “အဓိကတော့ လက်ရှိအချိန်မှာ အမျိုးသမီးများအပေါ်၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ စတဲ့အကြမ်းဖက်ခံနေရတဲ့ အမျိုးသမီးများအတွက် ကာကွယ်နိုင်တဲ့ဥပဒေ လိုအပ်နေတဲ့အခြေအနေဖြစ်ပြီး အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်လည်း လိုအပ်နေသောကြောင့် ယခုလို (၁၆)ရက်တာလှုပ်ရှားမှု ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ကမ်းလက်မေတ္တာအဖွဲ့အမှုဆောင်ဒါရိုက်တာ ဒေါ်ကိန္နရီက ပြောသည်။

အဆိုပါလှုပ်ရှားမှုပြုလုပ်ရာတွင် ကမ်းလက်မေတ္တာအဖွဲ့မှ ပြည်သူများအား ဖဲကြိုးဖြူအမှတ်အသားပါ Mask  အခုရေ (၅၀၀၀)ခန့် ၊ လက်သန့် ဆေးရည်အပြင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ဥပဒေ အကြောင်းအရာပါ အသိပညာပေး လက်ကမ်းစာစောင်များကို အေးသာယာ မြို့အပြင် အင်းလေးဒေသ ဟဲယားရွာ မရေပေါ်ဈေး ၊  ရွှေညောင်မြို့နှင့် လွိုင်လင်မြို့ တို့တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၂၀ ခုနှစ်၊ နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုများပပျောက်ရေး ဖဲကြိုဖြူနေ့ ဆောင်ပုဒ်မှာ “အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး၊ ဥပဒေဖြင့် ကာကွယ်ပေးဖြစ်ကြောင်း သိရှိရသည်။                                                                                          

မောင်မောင်သန်း(တောင်ကြီး)