ရပ်စောက် ဖေဖော်ဝါရီ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့၊ ဗထူးတပ်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း စစ်ရေးပြကွင်း၌ ယနေ့နံနက် ၇ နာရီ ၃၀ မိနစ်အချိန်က ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၈/၂၀၂၄) ဆင်းပွဲပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် နိုင်ဝင်းအောင်နှင့် တပ်မတော်အရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ တက်ရောက်ခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားတွင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း ကျောင်းအုပ်ကြီးက စံပြတပ်သားဆု၊ စစ်ရေးပြအကောင်းဆုံးဆု၊ လက်ဖြောင့်ထူးချွန်ဆု၊ စစ်မြေပြင်အင်ဂျင်နီယာထူးချွန်ဆု၊ ချေမှုန်းရေးအကောင်းဆုံးတပ်စိတ်ဆု၊ စစ်သည်တော်ကျင့်ဝတ်ဆု၊ တပ်စိတ်တိုက်ပွဲအကောင်းဆုံတပ်စိတ်ဆု၊ အိပ်ဆောင်ခင်းကျင်းမှုအကောင်းဆုံးဆု ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းသား (၇၅) ဦးအား သင်တန်းဆင်းမိန့်ခွန်း ပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းဆင်းသင်တန်းသားများက ကျောင်းအုပ်ကြီးအား စစ်ကြောင်းပုံစံဖြင့် ချီတက်အလေးပြုခဲ့ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးနှင့်အတူ တာဝန်ရှိသူများက စားရိပ်သာခန်းမ၌ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများအား ကြိုဆိုဂုဏ်ပြုစကားပြောကြားကာ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများနှင့် အတူတကွ လက်ဖက်ရည်သုံးဆောင်ခဲ့သည်။
အလားတူ ယနေ့နံနက် ၇ နာရီ ၃၀ မိနစ်က ရပ်စောက်မြို့၊ တပ်မတော်(ကြည်း) အမှတ်(၁) အရာခံနှင့် အကြပ်ကြီးသင်ကျောင်းရှိ စစ်ရေးပြကွင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၈/၂၀၂၄) ဆင်းပွဲပြုလုပ်ခဲ့ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဦးစီးဗိုလ်မှူးကြီး(စစ်ထောက်) ဗိုလ်မှူးကြီး ကျော်သီဟ၊ တပ်မတော် (ကြည်း) အမှတ်(၁)အရာခံနှင့် အကြပ်ကြီးသင်ကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး ကျော်သူလှိုင်နှင့် တပ်မတော်အရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများတက်ရောက်ခဲ့ပြီး သင်တန်းဆင်းပွဲတွင် တပ်မတော်(ကြည်း) အမှတ်(၁)အရာခံနှင့် အကြပ်ကြီးသင်ကျောင်းမှ ကျောင်းအုပ်ကြီးက စံပြတပ်သားဆု၊ စစ်ရေးပြအကောင်းဆုံးဆု၊ လက်ဖြောင့်ထူးချွန်ဆု၊ စစ်မြေပြင်အင်ဂျင်နီယာထူးချွန်ဆု၊ ချေမှုန်းရေးအကောင်းဆုံးတပ်စိတ်ဆု၊ စစ်သည်တော်ကျင့်ဝတ်ဆု၊ တပ်စိတ်တိုက်ပွဲ အကောင်းဆုံတပ်စိတ်ဆု၊ အိပ်ဆောင်ခင်းကျင်းမှုအကောင်းဆုံးဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြည်သူ့စစ်မှုထမ်း သင်တန်းသား (၄၈၈) ဦးအား သင်တန်းဆင်းမိန့်ခွန်း ပြောကြားခဲ့ကြောင်း သိရသည်။ ဆက်လက်၍ သင်တန်းဆင်းသင်တန်းသားများက ကျောင်းအုပ်ကြီးအား စစ်ကြောင်းပုံစံဖြင့် ချီတက်အလေးပြုခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)