တောင်ဥက္ကလာပ ဖေဖော်ဝါရီ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၄ ခုနှစ် အစိုးရဓမ္မာစရိယ၊ နိကာယ်နှင့် ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်တော်မူကြသော မြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးမှ ရဟန်း၊ သာမဏေ၊ သီလရှင်ဆရာကြီး၊ ဆရာလေးများအား (အဋ္ဌမအကြိမ်မြောက်) စာအောင်ဆုနှင်းသဘင် အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က အမှတ် (၁၄) ရပ်ကွက်၊ သစ္စာလမ်း၊ သုံးထပ်ဆောင် သာနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်သံဃနာယကဆရာတော် ဘဒ္ဒန္တနန္ဒာစာရဆရာတော်ဘုရားထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ကြွရောက်တော်မူလာသော ဆရာတော်အရှင်သူမြတ်တို့အား အလှူရှင်များက နဝကမ္မဝတ္ထုအလှူတော်ငွေနှင့် လှူဒါန်းဖွယ်ရာများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ ဘဒ္ဒန္တတိက္ခဉာဏဓမ္မစရိယဥက္ကဋ္ဌ (နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ မဟာဂန္ထဝါစကပဏ္ဍိတ၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ၊ ဝိနယဝိဒူ၊ ဝိနယပါဠိပါရဂူ) ဆရာတော်ဘုရားထံမှ ဩဝါဒကထာ တရားတော်ကို နာယူကြည်ညိုကြသည်။
ထို့နောက် သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ဆိုင်ရာတာဝန်ရှိသူများ၊ ဥက္ကလာပဘုရားဂေါပကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ စာအောင်သံဃာတော်အရှင်သူမြတ်များနှင့် ဆရာကြီး၊ ဆရာလေးများ စုစုပေါင်း (၁၄၆) ပါးအား အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး ဆုနှင်းသဘင်အတွက် ရ၊ သုံး ငွေစာရင်းရှင်းတမ်းကို အောင်မြေဗိမာန်ကျောင်းတိုက် ဆရာတော်အရှင်သူမြတ်မှ လျှောက်ထားဖတ်ကြားခဲ့သည်။ ဆက်လက်၍ ပါဋ္ဌိပထမပြန်စာမေးပွဲဥက္ကဋ္ဌ ဘဒ္ဒန္တဇောတိက (မဟာဂန္တဝါစကပဏ္ဍိတ) ဆရာတော်ဘုရားထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူကြည်ညိုကာ ရေစက်သွန်းချအမျှဝေပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)