မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ဒုတိယအကြိမ် ထောက်ပံ့ငွေပေးအပ်

မင်္ဂလာတောင်ညွန့် ဖေဖော်ဝါရီ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၌ ပြောင်းရွှေ့ရောက်ရှိလာသည့် နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းစီ ပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁ဝ) နာရီအချိန်က ကန်/‌မြောက်ရပ်ကွက်၊ အထက်မန္တလေးလမ်းရှိ ဗုဒ္ဓသာသနရက္ခိတဓမ္မာရုံတွင်လည်းကောင်း (၂) နာရီအချိန်တွင် ကျီ‌တော်ရပ်ကွက်၊ ပေတာကုန်းလမ်းရှိရွှေကျင်ဘုန်း‌တော်ကြီး‌ကျောင်းတွင်လည်းကောင်း ကျင်းပခဲ့သည်။

အခမ်းအနားသို့ ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဝင် (၂) ဦးဝင်းလှိုင်နှင့် မြို့နယ်‌ ထောက်ပံ့ရေးအဖွဲ့၊ အဖွဲ့‌ခေါင်းဆောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌မြသိန်းထွန်းနှင့် အဖွဲ့၀င်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စစ်ဘေးရှောင်ပြည်သူများ တက်ရောက်ခဲ့ကြသည်။

ထို့သို့ပေးအပ်ရာတွင် ဒုတိယအကြိမ်အဖြစ် ရပ်ကွက် (၇) ရပ်ကွက်ရှိ လူဦးရေ (၁၄၆) ဦးအား တစ်ဦးလျှင် ငွေနှစ်သောင်းကျပ်ဖြင့် ငွေကျပ် ၂၉၂၀၀၀၀ ကျပ် တိတိအား လက်၀ယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)