ရွှေညောင်မြို့၌ မြို့နယ်အဆင့်ရှာဖွေကယ်ဆယ်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၅) သင်တန်းဆင်းပွဲ ကျင်းပ

တောင်ကြီး ဖေဖော်ဝါရီ ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ ရွှေညောင်နယ်မြေမီးသတ်စခန်း၌ ယနေ့နံနက် ၇ နာရီခွဲက မြို့နယ်မီးသတ်မီးဦးဌာနမှ ကြီးမှူးဖွင့်လှစ်သော မြို့နယ်အဆင့်ရှာဖွေကယ်ဆယ်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားတွင် တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးနေဗလက သင်တန်းဆင်းမိန့်ခွန်းပြောကြားရာ သင်တန်းကို မျက်မှောက်ခေတ်ကာလမှာ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံမှာသာမက ကမ္ဘာ့နိုင်ငံအသီးသီးမှာပါ ငလျင်ဘေးအန္တရာယ်အပါအဝင် သဘာဝဘေးအန္တရာယ်များ မကြာခဏ ဖြစ်ပေါ်ကြုံတွေ့နေရသည့်အတွက် မီးသတ်တပ်ဖွဲ့ဝင်နှင့်အတူ ရှေ့တန်းကျကျ တုံ့ပြန်ရင်ဆိုင်ကြရမည့် မိတ်ဖက်အဖွဲ့အစည်းများကို  ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစွမ်းဆောင်ရည် ပိုမိုတိုးတက်မြင့်မားလာစေရန်၊ နိုင်ငံတကာမှာအသုံး ပြုနေသည့် ခေတ်မီအဆင့်မြင့်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်းကိရိယာတွေကို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် စနစ်တကျကိုင်တွယ်ထိန်းသိမ်းအသုံးပြုတတ်စေရန်၊ အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေးနည်းစနစ်များကို လက်တွေ့လေ့ကျင့်သင်ကြားပေးနိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပါကြောင်း ပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးမြင့်သန်းက သင်တန်းသားများအား လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် မြို့အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်မီးသတ်ဦးစီးမှုးတို့က သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြို့နယ်အဆင့်ရှာဖွေကယ်ဆယ်ရေး(မွမ်းမံ)သင်တန်းကို ပရဟိတလူမှုရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် စိတ်ပါဝင်စားသူများ သင်တန်းသား၊ သင်တန်းသူ ၄၀ ဦး တက်ရောက်ခဲ့ပြီး ဖေဖော်ဝါရီ ၁၇ ရက်နေ့မှ ၂၈ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရှိရသည်။

စိုင်းသန်းကျော်(ခရိုင်၊ ပြန်/ဆက်)