တာချီလိတ် ဖေဖော်ဝါရီ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ စက်မှုရပ်ကွက်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ရန်ကျန်ရှိနေသည့် မြေဧရိယာ ၃၁၇ ဒဿမ ဝ၈ ဧကအား အကွက်ချစနစ်ဖြင့် အဆိုပြုရေးဆွဲတင်ပြနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်များ အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံးခန်း(BMသွပ်အမိုးပြားနှင့်လိပ်တံခါးစက်ရုံ)တွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမျိုးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်မြင့်က စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စနစ်တကျအကောင်အထည်ဖော်ဆောင်နိုင်ရေးလုပ်ငန်းစဉ်များကို ရှင်းလင်းချပြကာ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်းစိုင်းနှင့်ကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်နိုင်မည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာသည့် စက်မှုလုပ်ငန်းရှင်များက သိရှိလိုသည်များကိုမေးမြန်းရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမျိုးနှင့် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဝင်များက ပြန်လည်ရှင်းလင်းဖြေကြားပြီး စက်မှုရပ်ကွက်အတွင်းရှိ အကောင်အထည်ဖော်ဆောင်ရွက်ရန် ကျန်ရှိနေသည့် မြေဧရိယာ ၃၁၇ ဒဿမ ဝ၈ ဧကအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါ တာချီလိတ်မြို့ ဟောင်လိတ်၊ ဆေခမ်းရပ်ကွက်ရှိ စက်မှုဇုန်ကို ၂၀၀၁ ခုနှစ်၌ ရှမ်းပြည်နယ် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီအရှေ့ပိုင်း(ကျိုင်းတုံ)မှ ထူထောင်ထားရှိခဲ့သော စက်မှုဇုန်တစ်ခုဖြစ်ကာ ဧရိယာ ဧက ၆၀၁ ဒဿမ ၅၄ အနက် ဧက ၂၈၄ ဒဿမ ၄၆ ခန့်အား နေရာချထားပေးနိုင်ခဲ့ပြီး ကျန်ရှိသော ဧက ၃၁၇ ဒဿမ ၀၈ ခန့်ကို စက်မှုဇုန်လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စက်မှုဇုန်များအောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်၊ ပြည်တွင်းပြည်ပလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်စေရန်၊ ကုန်ထုတ်လုပ်ငန်းနှင့် ကုန်ထုတ်လုပ်မှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ၏လိုအပ်ချက်များကို ပြည့်စုံစွာစီမံဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ သက်ဆိုင်ရာဌာနများနှင့် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)