မုဒုံမြို့၌ အမျိုးသားအဆင့် ရော်ဘာအစေးခြစ် လုပ်သားကျွမ်းကျင်မှုအဆင့်(၁) သင်တန်းဆင်းပွဲပြုလုပ်

မုဒုံ       ဖေဖော်ဝါရီ      ၂၈

မွန်ပြည်နယ် မုဒုံမြို့တွင် အမျိုးသားအဆင့် ရော်ဘာအစေးခြစ် လုပ်သားကျွမ်းကျင်မှုအဆင့်(၁)နှင့် စစ်ဆေးအကဲဖြတ်ခြင်း အမှတ်စဉ်(၁၅) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီက နှစ်ရှည်ပင်များ သုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ(မုဒုံမြို့)ရှိ စိုက်ပျိုးရေးအသက်မွေးမှုသင်တန်းကျောင်းခန်းမ၌ ပြုလုပ်သည်။
သင်တန်းဆင်းပွဲတွင် မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးလှမိုးအောင်
က အမှာစကားပြောကြားပြီး ရော်ဘာစိုက်ပျိုးရေးပညာရှင်ဦးဝင်းတင်က ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး၊ ပျိုးပင်စိုက်ပျိုး ထုတ်လုပ်မှုအကြောင်းအရာများနှင့် ရော်ဘာပင်ပြုစုပျိုးထောင်ရမည့် အချက်များရှင်းလင်းပြောကြားသည်။ ထို့နောက် နှစ်ရှည်ပင်များသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ(မုဒုံ)ခြံတာဝန်ခံက သင်တန်းဆင်းအမှာစကားပြောကြား၍ သင်တန်းတွင်ဆုရရှိသည့် သင်တန်းသားများကို 
ဆုများနှင့် သင်တန်းဆင်းအောင်လက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းကို နည်းပြဆရာများက ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ မွန်နှင့် ကရင်တို့မှ သင်တန်းသား/သူ(၃၀)ဦးအား  (၁၅)ရက်ကြာ စာတွေ့လက်တွေ့ဖြင့် သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)