ဟိုပုံး ဖေဖော်ဝါရီ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၉၉၅)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး စာမေးပွဲအား မတ်လ (၁၇)ရက်နေ့မှ (၂၂)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပညာရေးမှူးရုံးမှ သိရသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဟိုပုံးမြို့နယ်တွင် အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန တစ်ခုတည်းဖြင့် ကျင်းပမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ (၃၆၃)ဦး၊ ဆီဆိုင်မြို့နယ်တွင် စာစစ်ဌာန (၃)ခုဖြင့် ကျင်းပမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ (၂၇၉)ဦး၊ ပင်လောင်းမြို့နယ်တွင် စာစစ်ဌာန (၆)ခုဖြင့် ကျင်းပမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ (၁၃၅၃) ဦး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၉၉၅) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)