ကျောက်ဆည် ဖေဖော်ဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း အနော်ရထာခန်းမတွင် ယမန်နေ့နံနက် ၉ နာရီက ၂၀၂၅ ခုနှစ်၊ အခြေခံပညာ မူလတန်းအဆင့် Grade-5၊ အခြေခံပညာအလယ်တန်းအဆင့် Grade-9 နှင့် တက္ကသိုလ်ဝင်စာမေးပွဲလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူး ဦးအေးလင်းက စာမေးပွဲလုပ်ငန်းအဖွဲ့များဖွဲ့စည်းသည့်အခါ စနစ်တကျဖွဲ့စည်းပြီး ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့်အဖွဲ့ဝင်များမှ စာမေးပွဲလုပ်ငန်းများလုပ်ဆောင်ရာတွင် လွဲမှားမှုမရှိရေး စနစ်တကျ ဆောင်ရွက်သွားကြရန် အမှာစကား ပြောကြားခဲ့ပြီး ဒုတိယမြို့နယ် ပညာရေးမှူးများနှင့် လက်ထောက်ပညာရေးမှူးများမှ စာမေးပွဲ မကျင်းပမီ ဆောင်ရွက်ရမည့် စာဖြေသူစာရင်းပြုစုခြင်း၊ စာစစ်ဌာနသတ်မှတ်ကြေညာခြင်း၊ ခုံအမှတ်ကြေညာခြင်း၊ အဖြေလွှာရိုက်နှိပ်ခြင်းနှင့်ဖြန့်ဝေခြင်း၊ မေးခွန်းပြုစုခြင်း၊ ရိုက်နှိပ်ခြင်း၊ ဖြန့်ဝေခြင်း၊ သိမ်းဆည်းခြင်းလုပ်ငန်းများအကြောင်းနှင့် စာမေးပွဲကျင်းပနေစဉ် ကြီးကြပ်ရေးမှူးနှင့် ရုံးအဖွဲ့ဝင်များ ဆောင်ရွက်ရမည် လုပ်ငန်းများ၊ စာမေးပွဲခန်းတွင်းနှင့် စာမေးပွဲခန်းအပြင်၊ လုံခြုံရေးဂိတ်၊ သန့်စင်ခန်းစောင့်ကြပ်သူ လက်ထောက်ကြီးကြပ်ရေးမှူးများ ဆောင်ရွက်ရမည်လုပ်ငန်းများနှင့် စာဖြေသူများ လိုက်နာရန် စည်းကမ်းချက်များ၊ စာမေးပွဲကျင်းပပြီး ဆာင်ရွက်ရမည့် အဖြေလွှာသိမ်းဆည်းခြင်း၊ ထုပ်ပိုးခြင်း၊ ပေးပို့ခြင်းနှင့် အစီအရင်ခံစာပေးပို့ခြင်း၊ အမှတ်ပေးစည်းမျဉ်းရေးဆွဲခြင်း၊ အဖြေလွှာ စိစစ်ခြင်း၊ အမှတ်ပေးစာရင်းပြုစုခြင်း၊ အောင်စာရင်းပြုစုခြင်းနှင့်ထုတ်ပြန်ခြင်း စသည့်အကြောင်းအရာများကို အသီးသီးဦးဆောင်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် Grade-5 စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူ(၄၂၆၄)ဦး ရှိပြီး စာဖြေဌာန(၅၅)ခု၊ Grade-9 ကျောင်းသား/ကျောင်းသူ(၂၅၂၁)ဦး စာဖြေဌာန(၁၆)ခု၊ တက္ကသိုလ်တန်းဝင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူ(၁၅၅၃)ဦး စာဖြေဌာန(၄)ခု ပြင်ဆင်ဆောင်ရွက်ထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သက်မောင်(ကျောက်ဆည်)