ညောင်ဦး ဖေဖော်ဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများ နှစ်တစ်တစ် ခေါ် ဂျပန်ဖရဲများ စတင်စိုက်ပျိုးနေကြပြီဖြစ်ကြောင်း ကန်ပတ်လည်ကျေးရွာအုပ်စု၊ မုန့်ကုန်းကျေးရွာ ဦးမင်းညိုထံက သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည်ပတ်ဝန်းကျင် ကျေးရွာများသည် ရာသီပေါ်သီးနှံအပြင် နှစ်ရှည်သီးနှံပင်များဖြစ်သော ထိုင်ဝမ်ပိန္နဲ၊ မာလကာ၊ သင်္ဘော၊ ဖီးကြမ်းငှက်ပျော၊ နဂါးမောက်၊ စိန်တစ်လုံးသရက်၊စသည့်နှစ်ရှည်သီးနှံပင်များစိုက်ပျိုး ကြသလို ၊ ဟင်းနုနယ်၊ နံနံပင်၊ ဆူးပန်းရွက်၊ ချဉ်ပေါင်ရွက်၊ ပဲအမျိုးမျိုး၊ သခွားသီး၊ ဆလပ်အမျိုးမျိုး၊ ကြက်သွန်၊ ခရမ်းချဉ်တို့ကိုလည်း စိုက်ပျိုးကြကာ ဖရဲစိုက်ပျိုးခြင်းကိုလည်း တွဲဖက်စိုက်ပျိုးကြကြောင်း သိရသည်။
ဖရဲတစ်ပင်တွင် ဖရဲသီးသုံးလုံးသာ ချန်ထားပြီး သီးလာသည့် ဖရဲသီးများ ခူးဆွတ်ပေးရကြောင်း၊ သို့မှသာ ရောင်းတန်းဝင် ဈေးကွက်ဝင် ဖရဲသီးဖြစ်လာမည်ဖြစ်ကြောင်း၊ ဖရဲစိုက်တောင်သူ ဦးမင်းညိုက ပြောပြသည်။ ဖရဲများစိုက်ပြီး ရက်ပေါင်း ၆၅ ရက်ရှိလျှင် ခူးဆွတ်ချိန် ရောက်ရှိကြောင်း သိရသည်။ ကျောက်ပန်းတောင်းမြို့နယ်အတွင်း ဂျပန်ဖရဲ (ခေါ်) 2.1.1 မျိုး တစ်မျိုးထဲသာ စိုက်ပျိုးကြပြီး အခြားဒေသများတွင် ဒုံးကြည်သီးဖရဲဟု ခေါ်ကြောင်းလည်း သိရသည်။ အခြားဒေသများတွင် ဖရဲမျိုးအား အလုံးကြီးသည့် 5-1-1 အမှတ်တံဆိပ် ဖရဲမျိုးများသာ စိုက်ပျိုးကြပြီး ဂျပန်ဖရဲမျိုးများနှင့် ယှဉ်လျှင် ဂျပန်ဖရဲ၏အရသာက ပိုသာကြောင်းနှင့် ဖရဲသီးစိတ်ရောင်းချရာတွင် ဂျပန်ဖရဲသီးကို အကြိုက်များကြောင်း ကျောက်ပန်းတောင်းမြို့မှ ဖရဲသီးရောင်းချသည့် မဌေးကြည်က ပြောပြသည်။ ကျောက်ပန်းတောင်းမြို့နယ် ကျေး လက်တောင်သူများသည် ဖရဲစိုက်ပျိုးခြင်းအား မြေအောက် ရေတွင်းများတူးဖော်ကာ စိုက်ပျိုးကြကြောင်း၊ ဖရဲပင်သည် ရေအင်မတန်ကြိုက်ကာ ရေဓာတ် ၇၅ ရာခိုင်နှုန်းပါဝင်ခြင်းကြောင့် အပွင့်စတင်ပွင့်ချိန်မှအသီး ခူးဆွတ်မရောင်းမခြင်း ရေသွင်းပေးရကြောင်း၊ ဖရဲစိုက်ပျိုးရောင်းချသူများသည် စိုက်ခင်းရှင်ကိုယ်တိုင် ကျောက်ပန်းတောင်းဈေးသို့ သွားရောက်ရောင်းချခြင်းနှင့် ဖရဲပွဲစားများ စိုက်ခင်းအထိ လာရောက်ဝယ်ယူခြင်းများလည်းရှိကြောင်း သိရကာ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများ ဖရဲစတင်စိုက်ပျိုးနေကြပြီဖြစ်ကြောင်း သိရသည်။
ဒီပါလင်း